Thursday, July 24, 2014

“လေကြောင်းလိုင်း လုံခြုံရေးကျဆင်းနေပြီလား”


အခုတလော လေကြောင်းလိုင်းအချို့ရဲ့ လေယာဉ် မတော်တဆမှုသတင်းတွေ မကြာခဏ ကြားခဲ့ရပါတယ်။ အဲဒီအတွက် လေကြောင်းလိုင်းလုံခြုံရေး (Airline Safety) ကျဆင်းနေပြီလား၊ မလုံခြုံတော့ဘူးလား၊ လေယာဉ်မစီးသင့်ဘူးတော့လားလို့ ဒွိဟဖြစ်လာစရာ ရှိပါတယ်။

လောလောလတ်လတ်ဆိုရင် Malaysia Airline က လေယာဉ်နှစ်စင်းနဲ့ ထိုင်ဝမ်ကလေယာဉ်တစ်စင်းသတင်းက ဟိုးလေးတကြော်ဖြစ်နေ ပါတယ်။ ဆက်တိုက်ဆိုသလိုပါ။
လေကြောင်းလောကရဲ့ လေယာဉ်မတော်တဆမှုများဖြစ်ပေါ်စေနိုင်တဲ့ အမျိုးအစားကို Men, Machine, Media (3M) ဆိုပြီး ပိုင်းခြားနိုင်ပါတယ်။

Men လို့ခေါ်တဲ့ လူသားတွေကြောင့်ဖြစ်ရတာမှာ ပျံသန်းတဲ့ လေယာဉ်မောင်းတွေရဲ့ ပျံသန်းမှုဆိုင်ရာ မတော်တဆမှားယွင်းမှု (Error) နဲ့ စည်းကမ်းချိုးဖောက်မှု (Violation) ဆိုပြီး ထပ်မံအကြမ်းဖျင်း ပိုင်းခြားနိုင်ပါတယ်။

Machine လို့ခေါ်တဲ့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကတော့ လေယာဉ်တစ်စင်းမှာပါဝင်တဲ့ များစွာသော စက်ပစ္စည်းအမျိုးအစားတွေထဲက တမျိုးမျိုးချွတ်ယွင်းမှုကြောင့်ပါ။

Media ကတော့ လေယာဉ်ပြင်ပက မမျှော်မှန်းနိုင်တဲ့ အတားအဆီးကြောင့် ဖြစ်ရတာဆိုပြီး ပိုင်းခြားနိုင်ပါတယ်။ မမျှော်မှန်းနိုင်တဲ့ အတားအဆီးဆိုရာမှာ သဘာဝဘေးတွေဖြစ်တဲ့ ရာသီဥတုကလည်း အဓိကအရာတစ်ခုပါ။ ရာသီဥတုဆိုးရွားတာမှာ လေပြင်းမုန်တိုင်း၊ မိုကြိုးပစ်တာတွေ အစရှိသဖြင့်ပေါ့။
ဒါဆို MH 17 ကို ပစ်ချတဲ့ Missile နဲ့ဆိုရင် 4M တောင်ဖြစ်သွားပီလားပေါ့။ Missile ကလည်း Media ထဲမှာပဲ အကြုံးဝင်နေပါတယ်။

MH လေယာဉ်နှစ်စင်းနဲ့ ထိုင်ဝမ် လေယာဉ်တို့အဖြစ်အပျက်တွေကို ကြည့်တဲ့အခါမှာ Men နဲ့ Machine တို့ကြောင့် မဟုတ်ပဲ လွန်စွာ ကံမကောင်းလွန်းလှလို့၊ တိုက်ပဲ တိုက်ဆိုင်နိုင်လွန်းတဲ့ Media ကြောင့် ဖြစ်ရတယ်ဆိုတာ သွားတွေ့ပါတယ်။ (သတင်းသမားတွေကို ပြောတာမဟုတ်ဘူးနော်)
ပြောချင်တာက သက်ဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ လေကြောင်းလုံခြုံရေး (Airline Safety) ပေါ့ဆလို့ မဟုတ်ပဲ အတော်ကို တိုက်ဆိုင်စွာ ကံဆိုးလို့ ဖြစ်ခဲ့ရတယ်ဆိုတာပါ။

ဒီတော့ လေကြောင်းလိုင်းလုံခြုံရေး ကျဆင်းနေပြီလား ဆိုတဲ့အပိုင်းကိုတွေးရရင် မကျဆင်းသေးပါဘူး။ ဒီအဖြစ်အပျက်တွေနောက်ပိုင်း လေကြောင်းလိုင်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ဒီထက်ပိုမိုပြီး ဂရုစိုက်လာကြနိုင်လို့ တိုးတက်လာနိုင်စရာသာ ရှိမယ်လို့ ထင်မြင်မိပါတယ်ဗျာ။

Wednesday, July 23, 2014

သတင်းစာထဲက သမိုင်း

သတင်းစာထဲက သမိုင်း

ကမ္ဘာ တိုးတက်ကျယ်ပြန့်လာတာနဲ့အမျှ သတင်းအချက်အလက်တွေ ပေးပို့တဲ့နည်းပညာတွေလည်း အမျိုးမျိုးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ သတင်းအချက်အလက်များ ဖတ်ရှုသူတွေထံ ပေးပို့တဲ့အချိန်မှာ သတင်းစာ နဲ့ ပေးပို့တာဟာ ဟိုးယခင်ခေတ်မှ ယနေ့တိုင် အဓိက နည်းလမ်းတရပ် ဖြစ်ခဲ့ပါတယ်။

သတင်း ဆိုတာ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် မျက်စိ၊ နား သဖွယ်ဖြစ်တယ်လို့ မှတ်ယူထားပါတယ်။ သတင်းစာ တွေက ပြောတဲ့ အကြောင်းအရာတွေကနေ နိုင်ငံရဲ့ သမိုင်း ကို လှစ်ဟကြည့်လို့ ရပါတယ်။ ဟိုး ယခင်က သတင်းစာ တွေကို ပြောတာပါ။ 

သတင်း ကို ချုပ်ချယ်ထားရင် သမိုင်းအမှန် မသိနိုင်သလို၊ သမိုင်း ဖြစ်လာစရာမရှိတဲ့ အတင်းအဖျင်းတွေ ရေးရင်လည်း သတင်း မဟုတ်ပါဘူး။ ဒါက ခေတ်ဟောင်းသတင်းစာများကို ဖတ်ရင်း ပေါ်လာတဲ့အတွေးလေးပါ။ 

ခေတ်ဟောင်းသတင်းစာတွေ ဖတ်ရတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီထဲကမှ စိတ်ဝင်စားစရာ သတင်းတွေအကြောင်းလည်း ပြန်လည် ဝေမျှချင်ပါတယ်။ ပထမဆုံး လူ ၁၂ တပြိုင်တည်း ပြောနိုင်တဲ့ ၁၂ လိုင်းပါ တယ်လီဖုန်းလိုင်းကို ရန်ကုန်နဲ့ မန္တလေး ပဲ ဆက်သွယ်နိုင်အောင် ၁၉၆၀ ဇန်နဝါရီ ၇ ရက်မှာ စတင် အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင် ရန်ကုန် နဲ့ မန္တလေး သမီးရည်းစား ထားတဲ့သူတွေတော့ တော်တော် အဆင်ပြေမှာ မဟုတ်ဘူးလို့။ စာတိုက်ကိုပဲ အားကိုးနေရရှာမှာပဲ လို့ စာနာမိပါတယ်။ စာတွေပျောက်လို့ကတော့ ကွဲကြ ပြဲကြဖြစ်ကြမှာလို့ ပေါက်ပေါက်ရှာရှာ စဉ်းစားမိတာပေါ့။ 

နောက်တစ်ခုက ရန်ကုန် တိရ စ္ဆာန်ဥယျာဉ် အကြောင်းပေါ့။ ရန်ကုန် တိရ စ္ဆာန်ဥယျာဉ် ကို ဝေလမင်းသားနဲ့ ကြင်ယာတော်တို့က ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဖွင့်လှစ်ပေးခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်တွေ ဝင်မွှေသွားတဲ့အထဲမှာ ရန်ကုန် တိရ စ္ဆာန်ဥယျာဉ်က တိရ စ္ဆာန်များလည်း ပါတယ်ဆိုတာပါပဲ။ ဂျပန်တွေ မဝင်ခင်တုန်းက မြန်မာတစ်နိုင်ငံလုံးမှာမှ ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်မှာပဲ ကြံ့ဆိုလို့ တစ်ကောင်သာ ရှိခဲ့ပါတယ်တဲ့။ မြန်မာနိုင်ငံရဲ့ ရှားပါးမျိုးစိတ်ပေါ့။ အဲဒီကြံ့ကလည်း ဂျပန်တွေ ရန်ကုန်ဝင်လာတော့ ပစ်သတ်ခဲ့လို့ မျိုးတုန်းသွားခဲ့ပါတယ်။ တိရ စ္ဆာန်ဥယျာဉ် က တိရ စ္ဆာန်များကို ပစ်ခတ် စားသောက်ခဲ့ကြတာပါ။ ၁၉၆၂၊ ဇန်နဝါရီမှာမှ နီပေါဘုရင်က အမလေးတစ်ကောင် လက်ဆောင်ပေးလို့ ကြံ့ မျိုးစိတ် မြန်မာပြည်ပြန်ရောက်ခဲ့တာပါ။ 

အရင်က ကျွန်တော် ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်ရောက်ရင် အဲဒီ ရုပ်ဆိုးဆိုး ကြံ့တွေ ကို အမှုမဲ့ အမှတ်မဲ့နဲ့ပေါ့။ နောက်မှ မြန်မာနိုင်ငံအတွက် ရှားပါး မျိုးစိတ်ဖြစ်နေမှန်းသိရတယ်။ ဒါကြောင့်ပြောတာပါ။ သတင်းတွေထဲက သတင်းစစ်ရင် သမိုင်းကို မြင်စေပါတယ်။ ဒါကြောင့် သမိုင်းဖြစ်တဲ့သတင်းတွေရေးတဲ့ သတင်းသမားတွေ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Tuesday, July 22, 2014

ရူးအောင်တွေး


Wife and Life


Everybody Nobody


လွမ်းကဗျာ

လွမ်းကဗျာ

ပင့်သက်ရှိုက်သံ
ညံတိုင်းလွမ်း …

နှလုံးလှိုက်တုန်
ခုန်တိုင်းလွမ်း …

လွမ်းတေးသီဆို
ငိုတိုင်းလွမ်း …

လွမ်းစိတ်လျှံကျ
လွမ်းလွန်းလှ၍
လွမ်းစာတွေရေး
လွမ်းတေးတွေသီ
လွမ်းသူ့ထံပါး ကြားစေချင် …

ပါကင်ကြေး


မလှည့်ဘူး


နေရာ


တောင်းပန်ရေးဝန်


လိမ်နေတယ်


ပေါပါတယ်


အလီ


ပညာ


တွန်းသာတွန်း


ဘဝသေ

အတက်အကျ မရှိရှင် ဘဝဟာ အသေပဲပေါ့။

ရေနဲ့လောင်း


စာအုပ်သစ် မရေးနဲ့


ဆရာ ဒေါက်တာသန်းထွန်းရဲ့ လက်ရေးမူရင်းနဲ့ အမှတ်ရစရာ စာသားလေးပါ။

စာဖတ်


အကောင်းဆုံး


Like


မိုးယံမှသည် ... ချစ်သူဆီ

လေပေါ်ပျံဝဲ ... 
စွန်ရဲပမာ ...
 သေရန်သော်မျှ ...
 တို့မကြောက်ပဲ ... 
လှုပ်ရှားရုန်းကာ ... 
တို့ဝန်တာကို ... 
မမောမပန်း ...
 ဆောင်ရွက်ထမ်းလို့ ...
 အလာလမ်းကို ... 
 မှန်းဆမျှော်ရည် ...
 ရန်ကုန်ဆီသို့ ...
 ပြန်ကာလှမ်းမည် ...
မိုးယံမှသည် ... ချစ်သူဆီ ......

ပြဿ နာ

လေယာဉ်ပေါ်တွင် လေယာဉ်မောင်မယ်များ ကိုင်တွယ်ဖြေရှင်းရခက်နိုင်သော ပေါက်ပေါက်ရှာရှာ ကိစ္စများ …. 

ပြသနာ (၁) ။ ။ လေယာဉ်ပေါ်တွင် Death Note မှ L ပါလာလျှင်မည်သို့ထိုင်ခိုင်းမည်နည်း။ သူကတော့ပြောပါလိမ့်မည် “ငါဒီလိုထိုင်တာကို တကမ္ဘာလုံးကကြိုက်ကြတယ်။ ဖင်ချပြီး မထိုင်နိုင်ဘူး” ။

ပြဿနာ (၂) ။ ။ သူတောင်းစားတစ်ယောက် လေယာဉ်လက်မှတ်တစ်စောင်ကို တောင်း၍ရသောကြောင့် လေယာဉ်ပေါ်ပါလာပြီး အခြားခရီးသည်များထံမှ လိုက်လံတောင်းရမ်းနေလျှင် မည်သို့ပြောမည်နည်း။
သူကတော့ပြောပါလိမ့်မည် “It is your professional? You should understand this is my professional.”


ပြဿနာ (၃) ။ ။ ခရီးသည်တစ်ယောက် ဖျာလိပ်ကြီးထမ်း၍ လေယာဉ်ပေါ်ပါလာလျှင် မည်သို့ပြော၍ သိမ်းဆည်းမည်နည်း။
သူကတော့ပြောပါလိမ့်မည် “ ဒါဘိုးဘွားပိုင်ဖျာကြီးဗျ။ သွားလေရာ ကိုယ်နဲ့မကွာသယ်သွားတာကွ။ နားလည်လား” ။ (တော်တော်တော့ ကိုးယိုးကားယားနိုင်မည်ထင်ပါသည်။)

အရောင်

အရောင်

ပန်းနုရောင် ကိုဆိုတယ် .. အချစ်တဲ့
အစိမ်းရောင် ကိုဆိုတယ် .. အမုန်းတဲ့
 

လူတွေသတ်မှတ်တဲ့ အရောင်က
လူတွေကို ပြန်စားပစ်တယ် ။
 

အရောင်ကိုပဲ ချစ်ရသလို
အရောင်ကိုပဲ မုန်းရတယ် ။
 

ချစ်သူ
 

ကိုယ့်ကိုမင်း ဘယ်အရောင်ဆိုးမလဲ ..
သတ္တိ ရှိစေတဲ့ အနီလား
ငြိမ်းအေးစေတဲ့ အပြာလား
သစ္စာဆိုတဲ့ အဖြူလား
 

ဘာပဲဖြစ်ဖြစ်ပေါ့ ...
မင်းစေရာ စပ်လို့ရမယ့်
အချိုးညီ ရေဖြစ်ပေးချင်တယ် ....

သတင်းစာများများဖတ်

"သတင်းစာများများဖတ်"

ရှင်းလင်းပွဲ တစ်ခုတွင် တာဝန်ရှိသူတစ်ဦးက လက်ရှိ ၅ နှစ်တာကာလ စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။


"၅ နှစ်စီမံကိန်း လျာထားချက်အတိုင်း မြို့မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကြီး အောင်မြင်စွာဆောက်လုပ်ပြီးသွားပါပြီ"
 

ပရိတ်သတ်ထဲမှ တစ်ယောက်ထပြောသည်။
"ကျွှန်တော်က မြို့သားပါဗျာ။ ဘာစက်ရုံမှ မရှိပါဘူး"

တာဝန်ရှိသူ ဆက်ပြောသည်။
"အင်တာနက်လိုင်းများ ပြုပြင်ပြီးစီး၍ လွန်စွာကောင်းမွန်သွားပြီ ဖြစ်ပါတယ်"


စောစောက ပရိတ်သတ်ပင် ထပြောသည်။
"ကျွှန်တော်က ပုံမှန်သုံးသူပါ။ အင်တာနက်လိုင်းတွေ က ထူးမခြားနားပါပဲခင်ဗျာ"


တာဝန်ရှိသူက စိတ်တိုစွာ ပြန်ပြောလိုက်သည်။
"ဒီမှာ ခင်ဗျား၊ တကယ်ဖြစ်နေတာတွေသိအောင် သတင်းစာများများဖတ်သင့်တယ်" တဲ့

ပဲဟင်းစား

လူနှစ်ယောက်လမ်းလျှောက်လာတယ်။ 

တစ်ယောက်ကပြောတယ် "မင်းသာ ငါ့လို ငါ့ဆရာကိုမြှောက်ပြောတတ်မယ်ဆိုရင် ခုလို ပဲဟင်းစားနေစရာမလိုဘူးပေါ့"။

ကျန်တစ်ယောက်ကပြန်ပြောလိုက်ပါတယ် 


"မင်းသာငါ့လို ပဲဟင်းစားပြီးနေတတ်မယ်ဆိုရင် မင်းဆရာကို မင်း မြှောက်ပြောနေစရာ မလိုတော့ဘူးပေါ့ကွာ" တဲ့

ကူဘိုတာ အင်းလေး

"ကူဘိုတာ အင်းလေး"

ကျွှန်တော် ဒီရက်ပိုင်း အင်းလေးကို အလည်သွားခဲ့ပါတယ်။ မြန်မာ့တိုင်းရင်းသား အင်းသားများရဲ့ ရိုးရာဓလေ့တွေနဲ့ သာယာလှပတဲ့ အင်းလေးဒေသရဲ့အလှကိုခံစားရတာ အရမ်းကိုကြည်နူးစရာကောင်းပါတယ်။ အရင်ကလည်း အခေါက်ခေါက်ရောက်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ စိတ်တိုင်းမကျစရာလေးတစ်ခုသွားတွေ့ပါတယ်။ 


အရင်က ဘယ်နေရာကြည့်ကြည့် လှေလေးတွေကိုယ်စီပေါ်မှာ ခြေထောက်နဲ့ ဟိုဟိုဒီဒီလှော်သွားနေကြတာဟာ အင်းလေးဒေသရဲ့ ပြယုဒ်တစ်ခုပါ။ ဒါပေမယ့် အဲဒီလှေလေးတွေရဲ့ နောက်ပိုင်းနေရာကို တရုတ်အင်ဂျင်တွေ အစားထိုးနေရာယူသွားကြပါပြီ။ တော်တော်များများလှေလေးတွေနောက်ပိုင်းမှာ အင်ဂျင်တွေတပ်ထားတဲ့အတွက် အင်းသားရိုးရာခြေထောက်နဲ့ လှေလှော်တာကို ရုားပါးစွာတွေ့နေရပါပြီ။ 

အင်ဂျင်တပ်ထားတဲ့အတွက် အင်းလေးဒေသမှာ သွားလာလုပ်ကိုင်ရတာ ပိုမိုမြန်ဆန်လာပါတယ်။ သို့သော်လည်း တခြားတဖက်မှာ ရိုးရာဓလေ့ တိမ်ကောသွားမယ့်အရေးတော့ မြင်နေရပါတယ်။ 

အင်ဂျင် ပြန်ဖြုတ်ပြီး ပြန်လှော်နိုင်တယ်ဆိုပေမယ့် ရေရှည်မှာ ခြေနဲ့လှော်ဖို့ အကျင့်ပျက်သွားရင် အလေ့အကျင့်လုပ်ဖို့ ပြန်ကြိုးစားရပါလိမ့်မယ်။ တခြားတဖက်မှာလည်း အင်ဂျင်တွေက ကျမယ့် စက်သုံးဆီနဲ့ အင်ဂျင်ဝိုင်တွေကလည်း အင်းလေးရဲ့ ဂေဟစနစ်ကိုဖျက်ဆီးသွားမယ့်အရေးတွေလည်း ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အထူးလည်ပတ်လေ့လာစရာ အင်းလေး ဟာလောလောဆယ်တော့ "ကူဘိုတာ အင်းလေး" လို့သာနာမည်တပ်ချင်ပါတော့တယ်။

ကမ်းလင့်မယ့် လက်တစုံ

ကမ်းလင့်မယ့် လက်တစုံ

ဒီ လက်ပါပဲ လူတွေကို ဖေးမတာ
ဒီ လက်ပါပဲ လူတွေကို တွန်းချတာ

အဲဒီလက်ပဲပေါ့ လူ့အသက်တွေကယ်နေတာ
အဲဒီလက်ပဲပေါ့ လူတွေကိုသတ်နေတာ

လက်တစ်ဖက်ကိုပဲ သုံးရင်သုံးသလိုဖြစ်နေတာမို့
ကောင်းမယ့်ဟာတွေရွေးလို့ ကောင်းအောင်သုံးကြမယ်

ဘာပဲပြောပြောပါ... မျှော်လင့်မိမှာပဲ ...
ဘ၀ရဲ့ သွားရာလမ်းအတွက် ကူညီထမ်းပေးမယ့်
ကမ်းပေးတဲ့ လက်တစ်စုံကိုပေါ့

သီတင်းကျွတ်

သီတင်းကျွတ်

ဒီ သီတင်းကျွတ်ပေါ့
နှစ်ဦးသားလက်ကိုတွဲ
မီးပုံးလေးတွေချိတ်ဆွဲခဲ့တာ...

ဒီသီတင်းကျွတ်ပေါ့
ဘုရား နှစ်ကိုယ်တူသွား
သစ္စာစကားထားခဲ့တာ...

ဒီသီတင်းကျွတ်ပေါ့
စတိတ်ရှိုးတွေလည်လို့ကြည့်
ပျော်ရွှင်ပီတိ ဂွမ်းဆီထိတဲ့ပမာ...

ခုတော့လေ ...

ငါ မရှိတဲ့မင်း
မင်း မရှိတဲ့ငါ မို့
လွမ်းရတဲ့ စကားတွေကို
ဖန်ခါခါပြောချင်ပေမယ့်
မင်းကတော့သိမယ်မထင်
ကြုံသူတွေ ဖေးကာမ
ကူညီကာ ပြောပေးကြပါ...

ငါကတော့လေ
မင်းဖောက်တဲ့ ဗျောက်အိုးလေး ကိုမှ
အသံသာတယ် ထင်နေတုန်းပဲလို့ ....

စိတ်ထား

စိတ်ထား

စိတ်ကျစရာမလိုဘူး
ဘ၀က စမှ မစသေးတာ

ဝမ်းနည်းစရာမလိုဘူး
အချစ်က ပစ်မှ ပစ်မသွားသေးတာ

လမ်းခွဲစရာမလိုဘူး
အသဲက စွဲလမ်းနေတုန်းပါ

တကမ္ဘာလုံးစာ
ကိုယ့်မှာပဲ မိုးရွာတယ်မထင်နဲ့

ပေတရာလမ်း
ပခုံးထမ်းနေရတာလည်း မဟုတ်
တနေ့လုပ်မှ တနေ့စားနေရရင်လည်းထား
ဘာအတွက်များ အားလျော့စေရမှာလဲ ...

မြန်မာ့ Facebook

The Myanma Street ဂျာနယ်မှ Facebook ပညာရှင် ချင်းအမျိုးသား ဦးအွန်လိုင်းတက် ကိုမေးမြန်းထားခြင်းအား တွေးတောရေးသားပါသည်။

မေး ။ ။ Facebook ကို ဘယ်လိုမြင်ပါသလဲ

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အထွန်းကားဆုံးနေရာတစ်ခုလို့မြင်ပါတယ်။ လွတ်လပ်စွာ ဆဲရေးတိုင်းထွာပိုင်ခွင့်လည်း အပြည့်အ၀ရတဲ့နေရာတစ်ခုပါ။ နိုင်ငံတော်သမ္မတအပြင် တခြားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေအထိ သူတို့ လက်ထဲမှာရှိပါတယ်။

မေး ။ ။ ဆရာ့အနေနဲ့ ဒီ Facebook နဲ့ပတ်သတ်ပြီး စီးပွားရေးအမြင်ရှိတယ်လို့ပြောတယ်နော်။ နဲနဲ ရှင်းပြပါလားဆရာ

ဖြေ ။ ။ ဒါက ဒီလိုပါ။ ပထမဆုံးအနေနဲ့ ဓါတ်ပုံရိုက်ကူးရေးတွေ အလွန်စီးပွားကောင်းလာတာတွေ့ပါတယ်။ Profile Picture အတွက် တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအမျိုးမျိုး၊ Location အမျိုးမျိုးမှာ ရိုက်ကူးနေရလို့ပါ။ ဒါ့အပြင် အခြားဆက်စပ်နေတဲ့ Camera ပါတဲ့ Phone အမျိုးအစားပေါင်းစုံနဲ့ Laptop တွေ၊ Tablet တွေ ရောင်းအား အဆမတန်တက်လာပါတယ်။ ကျွန်တော်လည်း လက်ရှိတာဝန်ကအနားယူပြီး ဓါတ်ပုံဆိုင်နဲ့ ဖုန်းဆက်စပ်ပစ္စည်းဆိုင်လေးဖွင့်တော့မယ် စိတ်ကူးထားပါတယ်။

မေး ။ ။ Facebook ကနေ ဦးဦးဖျားဖျားသတင်းလေးတွေ ရတယ်လို့ပြောပါတယ်။ ဆရာ့အမြင်က

ဖြေ ။ ။ Facebook ပေါ်ကသတင်းတွေက မှန်တာက 50%၊ မှားတာက 50% ပါ။ ဖတ်ရှုသူရဲ့ တွေးတောဆင်ခြင်နိုင်စွမ်းအားက ဒီမှာ အရေးကြီးလာပါတယ်။ အဲ .... သေချာတာတစ်ခုကတော့ Facebook ပေါ်မှာ သေပြီလို့ သတင်းထွက်ရင်တော့ သေပြီလို့ အပြောခံရသူဟာ တကယ်သေတာမဟုတ်ပဲ နဂိုမူရင်းထက်ကို ကျန်းမာရေးကောင်းလာပြီလို့ မှတ်ယူရမှာဖြစ်ပါတယ်။

မေး ။ ။ ဆရာပြောပြောနေတဲ့ Facebook ပေါ်က အမှန်တရားဆိုတာ ဘာလဲဆရာ

ဖြေ ။ ။ News Feed တွေ တစ်ခုပြီးတစ်ခု တက်လာပြီး အောက်ကို ဆင်းဆင်းသွားတာဟာ ခံယူတတ်ရင် တရားရစရာပေါ့ဗျာ။ အနိစ္စသဘောကို ကောင်းကောင်းကြီး ဆင်ခြင်နိုင်တဲ့နေရာတစ်ခုပါ။ တက်လာတယ်၊ ကျသွားတယ်၊ ပျောက်သွားတယ်။ အခု တင်ထားတဲ့ဓါတ်ပုံတွေနဲ့ နောက် ၁၀ နှစ်ကျရင် တင်လာမယ့် ဓါတ်ပုံတွေဘာတွေကွာသွားမလဲဆိုတာ ကျွန်တော်ကတော့ Online ပေါ်မှာပဲ တရားရှာစောင့်ကြည့်တော့မယ်လို့။ ကျေးဇူးတင်ပါတယ်။

ပြုံးနိုင်ကြပါစေ။

ဆောင်းတွင်းအိပ်မက်

အင်း … ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတာ သိပ်မှန်တာပဲ။ အခုပဲကြည့်လေ ရုံးကပြန်လာလို့ ပင်ပန်းပြီး အိပ်ပျော်သွားပါတယ်။ ဘာတွေလာ အိပ်မက်ပေးနေမှန်းမသိ။

ကမ္ဘာကျော် Apple ကုမ္ပဏီ CEO စတိဂျော့ဘ် ဆိုတဲ့ ဘဲကြီးက လာပြီးကမ်းလှမ်းလို့တဲ့။ သေသွားတာတောင် နာမည်ကြီးပြီးသေသွားတဲ့သူက အိပ်မက်ထဲအထိလာ ဒုက္ခပေးနေသေး။ ဒါနဲ့ စိတ်အချဉ်ပေါက်ပေါက်နဲ့ ဘာလဲ၊ ဘာကမ်းလှမ်းမလို့လဲလို့ မေးလိုက်တော့ Apple ဈေးကွက် မြန်မာပြည်မှာ ကြီးထွားလာအောင် လှည်းတန်းဈေးနားမှာ ပန်းသီးရောင်းပေးပါတဲ့လေ။ ဘာတွေလည်းဗျာ။ လွန်လွန်းအားကြီးတာနဲ့ စိတ်တိုသွားပြီး အဲဒီအိပ်မက် ဆက်မမက်တော့ဘူး။ (အလဲ့ ဒါလည်းရသား) စဉ်းစားကြည့်လေဗျာ။ Apple ကုမ္ပဏီက သေသွားတဲ့သူကလာပြီး လှည်းတန်းဈေးနား ပန်းသီးလာရောင်းခိုင်းနေတယ်။ ဈေးကွက်ချဲ့ချင်လှချည်ဆိုလည်း သူများ သွားရောင်းခိုင်းပါလား။

အနှောင့်အယှက်ကင်းကင်းနဲ့ ဆက်အိပ်နေတုန်းတန်းလန်း ကင်မရာမင်းတွေ၊ မီးသမားတွေအစီအရီနဲ့ မုတ်ဆိတ်မွေးဖြူဖြူ လူကြီးတစ်ယောက် ၀င်လာပါလေရော။ အိပ်မက်ဆိုတော့လည်း လာချင်ရာလာမှာပေါ့နော်။ ဒါနဲ့ မထူးပါဘူးဆိုပြီး ဘာတွေလည်း၊ ဘာလုပ်မလို့လဲ လို့ ဘုကြည့်ကြည့်ပြီးမေးလိုက်တယ်။ သူ့ခေါင်းမှာ ဘာဘုမှတော့ မရှိပါဘူး။ ဘာလို့ ဘုကြည့်လို့ခေါ်လည်းတော့ ကျွန်တော် မသိဘူး။ ထားပါတော့ အဲဒီလိုကြည့်လိုက်တယ်ပေါ့။ သူက ပြောတယ်ဗျ။ သူက ဟောလီးဝုဒ်ကတဲ့။ အလဲ့ အဆန်းသား။ ကျုပ်ကို မင်းသားတင်ရိုက်မလို့ပါတဲ့။ အိပ်နေရင်းနဲ့ကို စန်းတွေ ပွင့်နေလိုက်တာများ။ ရိုက်ချင်ရင်တော့ရိုက်ပေါ့လို့ အင်တင်တင်နဲ့ ပြန်ပြောလိုက်တယ်။ စိတ်ထဲကတော့ ကျလိကျလိနဲ့ အခုပဲ ထ ကလိုက်ချင်စိတ်တွေ တဖွားဖွား။ ရိုက်တာကတော့ ဟုတ်ပါပြီ ဘာကားများရိုက်မလို့လဲ လို့မေးတော့ Home Alone 4 တဲ့။ ခင်ဗျားက အိမ်မှာ တစ်ယောက်တည်းနေတော့ ဒါနဲ့လိုက်တယ်တဲ့။ ဒေါသထွက်လွန်းလို့ အမွေးတွေထောင်သွားလိုက်တာ တကိုယ်လုံးရှိသမျှ တစ်မွေးမှကို မကျန်ဘူး။ ဟ … လွဲပြီဟ။ ဒေါသထွက်လို့ အမွေးထောင်တာ သတ္တ၀ါတွေပဲထောင်တာ။ အော် အိပ်မက်ဆိုတော့လည်း ထောင်ချင်ရာ ထောင်မှာပေါ့လို့ပဲ သဘောထားကြီးလိုက်ရတယ်။ ကျုပ်ကို ဘာကောင်ထင်နေလို့လဲမသိ။ Home Alone ရိုက်တာ ကလေး ဇာတ်လိုက် (ဘိုပေါက်စ) လေးတွေကိုပဲ တင်ရိုက်တာကိုး။ ကျုပ်လည်း တင်းလာတာနဲ့ အဲဒီ အိပ်မက် ဆက်မမက်တော့ဘူး။

မမက်ချင်ပေမယ့် မရဘူးဗျ။ နောက်ထပ် အိပ်မက်တစ်ခုက ရောက်လာပြန်တယ်။ ဖြစ်ချင်တော့ ကဲနေကျ သူငယ်ချင်းနှစ်ယောက်ရယ်လေ။ အိမ်ရှေ့ကားရပ်ပြီး လက်ယပ်ခေါ်နေကြတာ။ လူတွေစုံနေပြီဆိုတော့လည်း အိပ်မက်ထဲမှာပဲ အ၀တ်အစားလဲ၊ ရေမွှေးဖျန်းပြီး ဆင်းသွားတာပေါ့။ သူတို့ အနားရောက်မှ ဘယ်ကိုသွားမှာလဲလို့မေးလိုက်တော့ နေပြည်တော်တဲ့။ ကြံကြံဖန်ဖန် ဒီအချိန်ကြီး နေပြည်တော် ဘာသွားလုပ်မှာလဲလို့မေးလိုက်တော့ ရုပ်ရှင်သွားရိုက်ကြမလို့တဲ့။ လာပြန်ပြီ ဒီရုပ်ရှင်။ သူတို့နဲ့လည်း ရိုက်ရမယ်ဆိုတော့ ခပ်လန့်လန့်ရယ်။ မ၀ံ့မရဲနဲ့ပဲ ဘာကားရိုက်မှာလဲလို့ ထပ်မေးတော့ Hang Over Part 4 တဲ့။ တော်ပြီဗျာ။ မက်ပဲ မက်နိုင်လွန်းတဲ့ ဆောင်းတွင်းအိပ်မက်တွေ။ လွန်လွန်းအားကြီးလှပြီ။ နောက်ပြီးတော့ အကောင်းတွေဆိုတော်သေး။ အကုန် တလွဲချည်းပဲ။ ဘယ့်နှယ် နေပြည်တော်သွားပြီး Hang Over Part 4 ရိုက်ဦးမတဲ့။ သူများတွေက Bangkok မှာ ပျော်ပါးပြီး ရိုက်ကြတဲ့ဟာကို။ နေပါစေတော့။ မမက်လည်း မမက်ချင်တော့ပါဘူး။ ဒါနဲ့ အိပ်လည်း ဆက်မအိပ်ချင်တော့တာနဲ့ ထလာပြီး အိပ်မက် မက်တဲ့အကြောင်းထိုင်ရေးနေလိုက်တာ။ အကုန်လုံးမှာလည်း ဒီလို အူကြောင်ကြောင် ဆောင်းအိပ်မက်တွေတော့ မက်ပြီးသွားလောက်ပြီထင်ပါတယ်။ ဒါပေမယ့် ပြောရဲတယ်။ ကျုပ်လောက်တော့ ဘယ်သူမှ ဆိုးမှာ မဟုတ်ဘူးဆိုတာပါပဲ။

မြန်မာ့စိတ်ဓါတ် (သို့) ကြက်စိတ်ဓါတ်

မြန်မာ့စိတ်ဓါတ် (သို့) ကြက်စိတ်ဓါတ်

မြန်မာ့စိတ်ဓါတ်လို့ ပြောလိုက်တာနဲ့ ဇွဲရှိတယ်။ သတ္တိရှိတယ်။ မဟုတ်မခံတတ်ဘူးလို့ ပြေးမြင်ကြမှာပေါ့။ ဒါပေမယ့် ဒီစိတ်ဓါတ်တွေရဲ့ အောက်မှာတော့ ဘယ်သူရဲ့ ပယောဂမှန်းမသိတဲ့ ကိုယ့်ထက်သာ မနာလိုစိတ်တွေ၊ စည်းကမ်းမဲ့တဲ့ စိတ်တွေ၊ နေရာလုတတ်တဲ့ စိတ်တွေ၊ သူများခံနေရတာကို သာယာပြီး ကိုယ် စံနေရဖို့ အရေးပဲ တွေးတဲ့ တကိုယ်ကောင်းဆန်စိတ်တွေ ကိန်းအောင်းနေတာကို မြင်တွေ့နေရပါတယ်။ တစ်ယောက်တစ်လေလောက်ပဲ လွတ်ကင်းပြီး လူအများကြီးက အဲဒီ စိတ်ဓါတ်မျိုးတွေ တွေ့နေရတော့ ခြုံပြောရရင် မြန်မာ့စိတ်ဓါတ်ဆိုတာနဲ့ ဂုဏ်ယူပြောဆိုဖို့ အများကြီး ခဲယဉ်းသွားပါတယ်။ ပြောရင်လည်း ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့ လက်ညှိုးထိုးနဲ့ ဘယ်သူ့ကြောင့်၊ ဘာကြောင့်၊ ခေတ်ကြောင့်၊ ဥပဒေကြောင့်၊ အစိုးရကြောင့်ဆိုပြီး ပြောကြမှာ မြင်ယောင်သေးပါရဲ့။

လက်ဖက်ရည်ဆိုင်တော်တော်ကြာကြာထိုင်လို့ နိုင်ငံရေးအကြောင်း အကျယ်တ၀င့် ဆွေးနွေးငြင်းခုံနေကြတာလည်း တွေ့ဖူးကြမှာပါ။ တကယ်နိုင်ငံရဲ့ အခြေအနေကိုသိပြီး ဆန်းစစ်တတ်တဲ့သူကတော့ ဒီလို ထိုင်ပြောနေဖို့ သူ့မှာ အားရှာနိုင်မယ် မထင်ဘူး။ အလားတူ အခြား အရေးကိစ္စတွေမှာလည်း ဒီလိုမျိုး ကြုံတွေ့နေရပါတယ်။

အခုနောက်ပိုင်း မြန်မာ့စိတ်ဓါတ်တွေကတော့ ကြက်စိတ်ဓါတ်နဲ့ ပိုပို တူလာနေပါတယ်။ ကြက်ဆိုတဲ့ သတ္တ၀ါမျိုးက သတ်စားဖို့ ခြင်းထဲထည့်ထားရင်တောင် ထ ထ ခွပ်နေတတ်ကြတာကလား။ နေရာဘောင်ကျဉ်းကျဉ်းလေးထဲမှာ အမြင်ကျဉ်းကျဉ်းလေးတွေထားလို့ ရှေ့ကလူ ခြေထိုးခံဖို့ အသင့်အနေအထားမှာ ရှိနေကြတဲ့သူတွေ မနည်းမနောပါ။ ကျွန်တော် တွက်ပြတာ မှန် မမှန် ပြန်တွေးကြည့်နိုင်ကြပါတယ်။

သူဌေးစိတ်ဓါတ်

သူဌေးစိတ်ဓါတ်

မြန်မာလူမျိုးတွေ ဘာကြောင့်မပြောင်းလဲသေးသလဲ ဆိုတဲ့ Post ကို ဖတ်ပြီး အတွေးဝင်လာလို့ပါ။

မြန်မာလူမျိုးတွေ ဘာကြောင့် မပြောင်းလဲသေးတာလဲ???

ဒီလိုမျိုးအတွေးအခေါ်မျိုးတွေ ရိုက်သွင်းပေးလိုက်တာ ဦးဆုံးကတော့ ပညာရေးစနစ်လို့ ပြောရင်ရမယ်ထင်တယ်။ ပြောရင် ပြောတဲ့အတိုင်းလုပ်ပြီး ဖြန့်ကျက်တွေးခေါ်မှုတွေကို မသင်ပေးလိုက်ဘူး။ ဖြန့်ကျက်တွေးခေါ် စဉ်းစားမိတဲ့သူကလည်း ဒီပညာရေးစနစ်နဲ့ အံမ၀င်ဘူး။

နောက်တော့ မိသားစုရဲ့ လွှမ်းမိုးမှု။ ဘွဲ့ တစ်ခုရပြီး လခစားဝင်မလုပ်ရင်ပဲ ဘ၀တစ်ခုလုံး အခြေမခိုင်နိုင်တော့ဘူးဆိုတဲ့ မိသားစုတွေ ဒီနိုင်ငံမှာ အများကြီးပဲ။

နောက်တော့ ကြီးပြင်းလာရတဲ့ လူမှုပတ်ဝန်းကျင်။ ပတ်ဝန်းကျင် တော်တော်များများကလက်ခံထားတဲ့ စံတစ်ခုက လခများများရတဲ့အလုပ်ဆိုရင်၊ အောက်ဆိုဒ် ကောင်းတဲ့အလုပ်ဆိုရင် ရထားတဲ့သူက ကောင်းလိုက်တာ၊ ကြီးပွားသွားပြီဆိုတဲ့ စံ အလွဲပေါ့။

ဒါတွေကပဲ လူတွေကို ဘောင်တစ်ခုထဲထည့်လိုက်ပြီး အဲဒီဘောင်ထဲမှာ ဆက်သွားစေတယ်။ ဘောင်ကထွက်ပြီး အောင်မြင်တဲ့သူတွေကလည်း လူနည်းစုဆိုတော့ မစွန့်စားချင်ကြဘူး။ မစွန့်စားရဲကြဘူး။ ဘောင်ကထွက်ဖို့ ကြိုးစားနေတဲ့သူကိုလည်း အူတူတူ၊ ငကြောင်ဆိုပြီး ၀ိုင်းဝန်းထောပနာပြုကြတယ်။ ဒါတွေ ဒီလိုအကြောင်းတွေကြောင့် စနစ်တစ်ခုပြင်မှသာလျှင် (နိုင်ငံနဲ့ ချီပြီးပြောရရင်) နောက်မျိုးဆက်တွေ မြင့်မားလာမယ်ပေါ့။ လူငယ်တွေတိုင်းမှာ ဒီလို အတွေးအခေါ်မျိုးရှိပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေတော့ ခပ်ရှားရှားပဲ။

ကျွန်တော့် အမြင်ကတော့ လခစားလုပ်ရင် ဘယ်လောက်ပဲ လစာကောင်းကောင်း လခစားဘ၀၊ လခစား အတွေးအခေါ်မျိုးပဲ တွေးပြီး ရှိသွားကြဖို့ များပါတယ်။ Boss စိတ်ဓါတ်မျိုး ၀င်လာနိုင်ဖို့ တော်တော်ကြိုးစားရမယ်။ အရမ်းကြီးအောင်မြင်ကြီးပွားဖို့ ကန့်သတ်ချက်တွေ အရမ်းများသွားပြီ။ တိုးထွက်ဖို့ အများကြီးကြိုးစားရမယ်ပေါ့။

အခု ဒီ Post ကို ရေးတဲ့ ကျွန်တော်လည်းပဲ ဒီ ဘောင်လေးတစ်ခုကိုပဲ ချစ်မြတ်နိုးပြီး ဆက်လက် လုပ်ကိုင်နေရဆဲပါ။ အဲဒီတော့ ဘောင်တွေ ဘောင်တွေထဲက မထွက်နိုင်ရင်တောင် လက်ရှိအလုပ်ကိုပဲ Boss စိတ်ဓါတ်မျိုးထားပြီး အလုပ်လုပ်နိုင်ဖို့အတွက်တော့ အများကြီးတွေးတောစဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။

အင်တာနက်

 အင်တာနက်

လိုင်းရယ်
မင်းတက်သင့်ပြီငဲ့

အဝိုင်းလည်နေတာ
ဘဝမဟုတ်ဘူး

မင်းဆီမှာ...
အဝေးရောက် ချစ်သူနှစ်ဦးရဲ့
ရင်ခုန်သံ ရှိတယ်

အိမ်မပြန်နိုင်ရှာတဲ့
အမေ့ သားငယ်ရှိတယ်

အချိန်တွေ လေးကန်စွာကုန်ဆုံး
ဘယ်များမှ ကောင်းမှာတုန်းလို့
ဘုရားမှာ ဦးချ အခါခါ

နောင်ဘဝများ ကြုံရင်လေ
MPT ကြီးနဲ့ ဝေးရစေသား ....

အလွမ်းဆေး

လွမ်းလွန်းလှလို့
ကဗျာတွေရေး

မင်းထံပါး ပို့မယ် ခင် ...

အနမ်းမှာ ပန်းတွေသီလို့
စိတ်ကူးမှာ အကြင်နာတွေး
မင်းများ ဖျားနေရော့မလား ...

ဘာပဲဖြစ်ဖြစ်ပါ

အလွမ်းတစက်လောက်
သောက်ရရင်ဖြင့်လေ

နွမ်းလျတွေ ပြေလျော့တာမို့
ဒီမောင်မှာ .... လန်းရချည်သေး ...

စင်္ကာပူမှာ သာတဲ့လ

"စင်္ကာပူမှာ သာတဲ့လ"

မှိုင်းခွင် ရှစ်ပျိုး

ပတ်လည် မိုးသည်

လင်းကာ တချည်

မှုန်ရီ တလှည့်

အဝေး မောင့်မှာ

မဖြေ သာမို့

မှန်းတမ်း တကာ

လွမ်းရ မျှော်မည်

ပြန်လှမ်း မည့်ရက်

မနီး သောကြောင့် …

ဆေးသောက်ချိန်

နောင်းမကေ နေမကောင်းတာမို့

မောင်းတင်ကာ အပြင် မဂျောင်းနိုင်ဘု

တကိုယ်တည်းရယ်တဲ့ လှဲကာမှိုင် ....

ဗိုက်ထဲရယ် ဂွီဂွီဂွမ်လို့

ဒီချိန်ဝယ် အပီ ခံရတာကြောင့်

အပြေး ရှာကာ ထိုထို ဆေးကို

သောက်သင့်ပြီလေး ....

(ဆေးသောက်ခါနီး ကဗျာစပ်ချင်စိတ်ပေါ်လာတာနဲ့ ရေးမိရေးရာလေးပါ)

ပညာရေး

ဟိုတနေ့ကပေါ့။

Life of Pi ဆိုတဲ့ ဇာတ်ကားလေးထိုင်ကြည့်မိတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Adventure ဆန်ဆန်ကားမျိုးလေးပေါ့။ အဲဒီကားကိုကြည့်ပြီး ကျွန်တော် အရမ်းအားကျဖို့ကောင်းတဲ့ဟာလေးသွားတွေ့တယ်။

ဘာလဲဆိုတော့ မင်းသားလား။ မဟုတ်ဘူး။ ရုပ်ရှင်ရိုက်ကူးရေးလား။ မဟုတ်ပါဘူး။ အိန္ဒိယရုပ်ရှင်ရိုက်ကူးရေးက ကမ္ဘာ့အဆင့်အတန်းမီတာ ကြာလှပေါ့။

တကယ် အားကျရတာက အိန္ဒိယနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ပါပဲ။ အဲဒီဇာတ်ကားထဲမှာ ဇာတ်လိုက်ကောင်လေးက သူ့ရဲ့ နာမည်ကို Pissing လို့ဝိုင်းစနေတာမခံနိုင်လို့ Pi လို့သူ့ကိုခေါ်ဖို့ ထွက်ရှင်းပြတဲ့ အခန်းတွေမှာ သူတို့နိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို တွေ့လိုက်ရတယ်။

English ကို ငယ်ငယ်ကတည်းက ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြတာ၊ နိုင်ငံခြား ဘာသာတွေကိုလည်း ငယ်ငယ်ကတည်းက ကျောင်းသင်ခန်းစာတွေအဖြစ် ထည့်သွင်းထားတာကိုပေါ့။

English ကိုလိုနီအဖြစ် ကျွန်ခံခဲ့ရတာ အိန္ဒိယရော မြန်မာပါ အတူတူပါပဲ။ ဒါပေမယ့် သူတို့က UK ရဲ့ ကောင်းတဲ့ စနစ်ကို မွေးစားလက်ခံကျင့်သုံးပြီး ကျွန်တော်တို့က ဖျောက်ပစ်လိုက်တာ တစ်ခုပဲကွာတယ်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်သင့်ခံသင့်တဲ့ အပိုင်းတွေကို ဘာကြောင့်များ မြန်မာမှုပြုလိုက်ကြတာလဲလို့လည်း တွေးမိပါတယ်ဗျာ။ ပညာရေးစနစ်တစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေးမှာ ဒီလောက်အရေးပါနေတာတောင် မအောင်မနေရ ပညာရေးဆိုတာကို တီထွင်တဲ့သူတွေ ကို လေးစားလျက် ....

ကျွန်တော်နှင့် ၅၀၀၀ တန်

အိမ်အပြန်လမ်းလို့ သူ့ကိုယ်သူ သတ်မှတ်ထားသော လမ်းတစ်ခုပေါ် လူတစ်ယောက် မောပန်းတကြီးလျှောက်လာတယ်။ သူ့လက်တစ်ဖက်မှာတော့ တစုံတရာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ပုံ …

သူ့ရင်ထဲဝင်ကြည့်နိုင်မယ်ဆိုရင် အလောတကြီး အလျင်လိုခြင်းကို ဦးစွာတွေ့ရမှာပေါ့။ ဟုတ်တယ်လေ … သူပြန်လာမှ ညစာစားရမယ့် ကလေးတွေရဲ့ မျက်နှာလေးတွေ … ဆန်ကွဲမဖြစ်တဖြစ် ဆန်လို့ ခေါ်တာကို ချက်ပြီး သူ ဝယ်လာမယ့် ဟင်းကို စောင့်နေမယ့် ကြင်သူ …

သူလို အလုပ်ကြမ်းသမားတစ်ယောက်အတွက်တော့ နေ့တာတွေ ရှည်လွန်းလှသည်လေ။ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးရလာတဲ့ နေ့တွက်ခ ၅ဝဝဝ တန်တစ်ရွက်က သူ့လက်ထဲကနေ လေမှာ လွင့်မှာစိုးတဲ့အလား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတယ်။

ဒါလေးလွင့်သွားရင် ညစာခက်မယ့် မိသားစုနဲ့ ဒေါ်တုတ်ကို ပေးရမယ့် နေ့ပြန်တိုး က ခက်ရော့ချည်မယ်မလား။ ဟင်းဝယ်မယ့် လမ်းထိပ်က ထမင်းဆိုင်လေး မရောက်ခင် မနက်က မဒီ မှာလိုက်တာ သွားသတိရမိတယ်။ သဘက်ခါ သူ့အဒေါ် အလှူသွားရင် ပြင်ဖို့ နှုတ်ခမ်းနီတစ်တောင့်လောက်တဲ့ …

အဲဒါနဲ့ပဲ မီးတွေ ထိန်လင်းနေတဲ့ စတိုးဆိုင်လေး တစ်ဆိုင်ထဲ ဝင် … အရောင်းစာရေးမလေးကို မေးပြီး နှုတ်ခမ်းနီ အနီလေးတစ်တောင့်ဝယ်လိုက်တယ်။ တစ်ရွက်တည်းသော ၅ဝဝဝ တန်ကို ကောင်တာစားပွဲပေါ်တင်လိုက်ပြီး ဘယ်လောက်ကျလဲပေါ့။

ကောင်တာထိုင်တဲ့ ကောင်လေးက ၅ဝဝဝ တန်ကို ဟိုဘက်ဒီဘက် သေချာကြည့်ပြီး မျက်မှောင်ကျုံ့သွားတယ်။ ခဏနော်လို့ ပြောပြီး ဆိုင်နောက်ဘက်ကို ဝင်သွားတာကို တွေ့လိုက်တယ်။ နောက်နဲနဲကြာတော့မှ ဆိုင်ရှင်လို့ ယူဆရတဲ့ လူကြီးတစ်ယောက်ထွက်လာပြီး

“ဒီ ၅ဝဝဝ တန် မင်းဘယ်က ရတာလဲ”

“ခင်ဗျာ၊ ကျွန်တော် နေ့တွက်ခ ရလာတာပါ”
“ဒါဆို ခဏစောင့်ဦး၊ ငါ ရဲစခန်းကို အကြောင်းကြားပြီးပြီ၊ မင်း ယူလာတဲ့ ၅ဝဝဝ တန်က အတုကြီး” တဲ့။
“ဗျာ”
သူ့နားတောင် သူ မယုံနိုင်ပဲဖြစ်သွားတယ်။ နောက်ပြီး ရုတ်တရက် သူ့အတွေးမှာ ပထမဆုံးပေါ်လာတာ သူပြန်လာမယ့် အချိန်ကို ထိုင်မျှော်နေသော ညစာ မစားရသေးတဲ့ သူ့မိသားစု …

ဘယ်လိုပဲ တောင်းပန်၊ တောင်းပန် မရပဲ နောက်ဆုံးတော့ ရဲတွေ ရောက်လာကြပြီး သူ့ကို စခန်းခေါ်သွားကြတယ်။

အခုည ဒီအချိန်မှာ Disco Light တွေ ကြား ပျော်နေမယ့်သူတွေကတော့ ပျော်နေလောက်ပြီလေ။ သူ့မှာတော့ မနက်ဖြန်အတွက် ဝေးလို့ အခု ညစာ အတွက်တောင် ဘယ်လို ရှေ့ဆက်ရမှာလဲဆိုပြီးတော့ရယ် …

( ၅ဝဝဝ တန် အတု တွေ အကြောင်း ဖတ်မိရင်းနဲ့ အတွေးလေး ဝင်လာလို့ ခံစားရေးလိုက်တာပါ။)

အိမ်

အိမ် တဲ့ ...

လူ တိုင်း လူ တိုင်း ကိုယ်စီရဲ့ ရင်ထဲမှာ အိမ်လေးတစ်လုံးစီ ဆောက်ချင်တဲ့စိတ်ကူးလေးတော့ တစ်ခါတစ်ရံ ပေါ်ကောင်းပါရဲ့နော် ..

ဒီလို ပဲပေါ့ ...

ကျွန်တော်ရဲ့ အတွေးထဲ၊ စိတ်ကူးထဲမှာလည်း အိမ်လေးတစ်လုံးတော့ ဆောက်ချင်နေမိတယ်ဗျာ ...

ကျွန်တော် ဆောက်ချင်တဲ့ အိမ်ကလေးကလေ ...

ဟိုး .... တောင်ကုန်းမြင့်မြင့်လေးပေါ်မှာ ရှိတယ် .... နောက်ပြီး ဘယ်ရာသီပဲ ဖြစ်ဖြစ် အပူမကဲတဲ့ အရပ်ဒေသလေးမှာပေါ့ ...

ပန်းခင်းလေးတွေက အိမ်ရဲ့ ပတ်ပတ်လည်မှာရယ်လေ ... စိုက်ခင်းလေးတွေကလည်း အိမ်နဲ့ မနီးမဝေး အရပ်ဆီမှာပေါ့ ...

အိမ်လေးက လှမ်းကြည့်မယ်ဆိုရင် သစ်ပင်တန်းတွေနဲ့ မြေနီလမ်းကလေးရယ် ... စမ်းချောင်းကလေးကိုလည်း ၅ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပြီလေ ....

တောင်တန်းပြာတွေကလည်း မနက် ပြူတင်းပေါက်ဖွင့်လိုက်ရင် ဆီးကြိုနှုတ်ဆက်နေတဲ့ နေရာမျိုးလည်း ဖြစ်ရမယ် ...

အဲဒီမှာ ပြိုင်ဆိုင်ခြင်း၊ မနာလိုခြင်း၊ အထင်သေးခြင်း၊ မြှောက်ပင့်ခြင်း အလျဉ်းမရှိဘူး ...

ညနေဘက် ပျင်းရင် ဇောင်းထဲက မွေးထားတဲ့ မြင်းတွေ ထုတ်စီး၊ ညဘက်မှာတော့ မြို့ဈေးကဝယ်ထားတဲ့ ဝိုင်နီ တစ်ပုလင်းနဲ့ ဂစ်တာ ...

အဲဒီ အရပ်မှာ မွန်းကျပ်နေတဲ့ အိတ်ဇောငွေ့တွေနဲ့ အလျင်လိုနေတဲ့ လူတွေရဲ့ အပူဇောတွေ ကင်းတယ်ပေါ့ ...

မြို့ကြီးဆီက မှာထားတဲ့ စာအုပ်တွေ ကလည်း တပုံတပင်ရယ် ... Laptop လေးတစ်လုံးနဲ့ စိတ်ထဲရှိရာလည်း အေးအေးဆေးဆေး စာရေးနိုင်မယ့် နေရာမျိုးလေးမှာလေ ...

ကဲ ... ဒီစာကို ဖတ်နေတဲ့သူတွေရဲ့ အတွေးထဲက အိမ် လေးကရော ဘယ်လိုမျိုးများ ဖြစ်မလဲ သိချင်စိတ် ဖြစ်မိပါရဲ့ဗျာ ...

ဘယ်လိုလဲ ... အိမ် တဲ့ ။

မျောက် ၅ ကောင်ပုံပြင်

မျောက် ၅ ကောင်ပုံပြင်

တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်..။ လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်..။

မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ပေါ်ကနေ မျောက်အားလုံးပေါ်ကို ရေခဲရေနဲ့လောင်းချပါတယ်..။
ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်..။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့..။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့..။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်…။

နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပဲ…။ စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ..။
ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်…။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ ဒါပေမယ့်..ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်..ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့..။

ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်..။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးစံ အစဉ်အလာတွေကနေ ဖောက်ထွက်မစဉ်းစားကြတာများပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်…။

(၁) သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာကိုယ်ပိုင် အယူအဆ၊ အတွေးအခေါ်နဲ့ လက်ခံ ကျင့်သုံးနေတာလား..
(၂) သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား၊ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလား ဒါမှမဟုတ် မလုပ်လို့မရလို့ လုပ်နေတာလားလို့ ကိုယ့်ကိုကိုယ်မေးကြည့်ပါ…

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ..။
အထူးအဖြင့် ကျနော်တို့ နိုင်ငံကလူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်…။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်…။ ကိုယ်တိုင်လည်း မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ.၊ ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ..။ ဆဲတဲ့သူတွေကြည့်ပြန်တော့ ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိ ၊ ဘာမှ ကိုယ်ရေးအချက်အမှန် .. ဓာတ်ပုံမှန်မတင်ရဲတဲ့..ကိုယ့်စကားကိုယ်တာဝန်မယူရဲ ကိုယ်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေဖြစ်နေပြန်တယ်..။
ဒါတွေအသာထားလို့ မိတ်ဆွေများအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်..ကိုယ့်ဘ၀ရဲ့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်ဗျား…

Credit to Nyein Chan Win

ကျွန်တော်နှင့် လုပ်ငန်းခွင် ၃

မေး ။ နှစ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်တဲ့အပိုင်းက ခဏခဏပြောင်းနေတော့
ကျုပ်တို့ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်စိတ်ချမှုတွေ ရှိပါတော့မလား။

ဖြေ ။ ယုံကြည်စိတ်ချပြီး မျှော်မှန်းထားတာနဲ့ လက်တွေ့ဖြစ်လာမှုဆိုတာ မတူညီပါဘူး။
ခေါင်းဆောင်မှုအပိုင်းမှာ ပြောင်းလဲမှုရှိတာနဲ့ လုပ်ငန်း ကောင်းလာတာ၊ ဆိုးလာတာ အမြဲ ဒွန်တွဲမနေပါဘူး။

“ခေါင်းဆောင်တဲ့လူ ဘယ်လိုပဲပြောင်းပြောင်း ဒီအပြောင်းအလဲမှာ ကျန်တဲ့ဝန်ထမ်းများ မိမိ အလုပ် မိမိ
တာဝန်ကျေအောင် လုပ်နေကြသလားဆိုတဲ့ မေးခွန်းက ပိုအရေးကြီးပါတယ်။”

ပြောင်းလဲမှုက အကြောင်းတရားမဟုတ်ပဲ အဲဒီ ပြောင်းလဲနေတဲ့အချိန်မှာ လိုက်ပါလုပ်ဆောင်မှုကသာ
တကယ့်အကြောင်းရင်းမှန်ပါ။

(ဖတ်မိသော စာစုများမှ အတွေးအမြင်)

ကျွန်တော်နှင့် လုပ်ငန်းခွင် ၂

မေး ။ ခေါင်းဆောင် တစ်ယောက်ကို ညွှန်ကြားချက် တစ်မျိုးနဲ့ ရှုပ်နေတာပဲ။ ညွှန်ကြားချက်တွေ အမျိုးမျိုးဖြစ်နေရင် ကျုပ်တို့က ဘာဆက်လုပ်ရတော့မှာလဲ။

ဖြေ ။ ဒီလို ပြဿနာမျိုးကို ကြီးမားတဲ့ အဖွဲ့အစည်းတိုင်းမှာ အတိုင်းအတာတစ်ခုအထိ ကြုံမှာပါပဲ။ ခေါင်းဆောင်တွေဆိုတာလည်း လူသားတွေဖြစ်တဲ့အတွက် ဒီလိုကွဲပြားမှုတွေကတော့ ရှိနေမှာပါပဲ။ အဓိက ကတော့ ညွှန်ကြားလိုက်တဲ့ အလုပ်တစ်ခုရဲ့ ရည်မှန်းချက် (ပန်းတိုင်) ကို သေချာမြင်အောင်သုံးသပ်ပြီး အဲဒီ ရည်မှန်းချက်ကို အမြန်ဆုံးရောက်အောင် လုပ်၊ အခက်အခဲတွေ ဖြစ်လာခဲ့ရင် အမြန်ဆုံးပြန်လည် တင်ပြသွားဖို့ပါပဲ။

ခေါင်းဆောင်တွေအနေနဲ့လည်း ကျစ်လစ်တိကျတဲ့ ညွှန်ကြားချက်တွေ ပေးနိုင်ဖို့ အမြဲသုံးသပ်နေရမှာပါ။

(ဖတ်မိသော စာစုများမှ အတွေးအမြင်)

ကျွန်တော် နှင့် လုပ်ငန်းခွင် ၁

မေး ။ ဝန်ထမ်းတွေ ဘာလို့ အလုပ်က ထွက်ကြတာလဲ။

ဖြေ ။ အလုပ်ထွက်ဖို့ ကြိုးစားသူတွေရဲ့ ခံစားချက်ကတော့ လက်ရှိအလုပ်မှာ မိမိ အတွက် တိုးတက်ဖွံ့ဖြိုးစရာမရှိဘူးလို့ ယူဆလို့သော်လည်းကောင်း၊ သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုမခံရဘူးလို့ ယူဆလို့သော်လည်းကောင်း အများဆုံး ရှိကြပါတယ်။

သုတေသနတွေအရလည်း ကြီးကြပ်သူအများစုဟာ သူတို့အလုပ်ချိန်ရဲ့ ၇ဝ ရာခိုင်နှုန်းကျော်ကို လုပ်ဆောင်နိုင်စွမ်းနိမ့်တဲ့ ဝန်ထမ်းတွေအတွက်ပဲ အချိန်ကုန်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီက ထွက်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်မားသူတွေ အလုပ်က ထွက်သွားခြင်းပဲ ဖြစ်ပါတယ်။

ထူးချွန်ဝန်ထမ်းတွေကို အနည်းငယ်မျှ အချိန်ပေးပြီး အသိအမှတ်ပြု ချီးကျူးခြင်း၊ အကြံဥာဏ်များပေးခြင်းတို့ကို ပြုလုပ်ပေးရင် ယခင် ၈ဝ ရာခိုင်နှုန်း ကနေ ၁ဝဝ ရာခိုင်နှုန်းကျော်အထိ ဖြစ်သွားနိုင်ပေမယ့် စွမ်းရည်နိမ့် ဝန်ထမ်းတွေကိုပဲ အားစိုက်နေရင် ၁ဝ၊ ၂ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းဖြစ်ဖို့အထိကို အချိန်တော်တော် လုပ်ယူရမယ့် သဘောပါပဲ။

ထူးချွန်ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမခံရရင် လက်ရှိအလုပ်အပေါ်လည်း ယုံကြည်အားထားစိတ်လျော့နည်းသွားနိုင်တာပါပဲ။

(ဖတ်မိသော စာစုများမှ အတွေးအမြင်)

ကျွန်တော်နှင့် Customer

ကျွန်တော်နှင့် Customer

ကျွန်တော့်အနေနဲ့ Service Industry မှာ ၈ နှစ်ကျော်ကြာလုပ်ခဲ့ပြီး အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ စကားလုံးကတော့ “Customer” ပဲဖြစ်ပါတယ်။

ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများအတွက် အရမ်းကို အရေးကြီးတဲ့ စကားလုံးလေးလည်း ဖြစ်ပါတယ်။
Customer တွေအနေနဲ့ သူတို့သုံးစွဲရမယ့်ငွေကြေးတွေကို မိမိ လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ လုံးဝ မသုံးစွဲတော့ဘူးဆိုရင် မိမိ လုပ်ငန်း (သို့မဟုတ်) Company ရပ်ဆိုင်းသွားလောက်တဲ့အထိကို ဖြစ်သွားနိုင်တာကိုး။

ဒီတော့ Customer ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြဖို့တော့ လိုမယ်မထင်ပါဘူး။

တဖက်က ကြည့်တော့လည်း တခါတလေ Customer ဘက်က ရပိုင်ခွင့်ထက် ပိုပြီးလိုချင်ကြတာ၊ ပိုပြီး တင်စီးချင်ကြတာ၊ အပြစ်ရှာချင်ကြတာကို တကယ် လက်တွေ့ ထိတွေ့ဆက်ဆံနေကြရရှာတဲ့ ဝန်ထမ်းများခမျာ ခံစားကြရတာလည်း နေ့စဉ်နဲ့အမျှပါ။ ဒါပေမယ့်လည်း ဒီလို ဆက်ဆံခံရလို့ တုန့်ပြန်ပြောဆိုတာတွေ၊ မသိကျိုးကျွန်ပြုတာတွေနဲ့ ဝတ်ကျေတန်းကျေ လုပ်တာမျိုးကို Service Industry မှာ လုံးဝခွင့်မပြုပါဘူး။ Customer တွေ မကျေနပ်တော့တာနဲ့ ဖြစ်လာမယ့် အကြောင်းတရားက နည်းမှ မနည်းတာ။

Service Industry မှာ လုပ်ကိုင်ရသူတွေအနေနဲ့ မိမိ အလုပ်ကို Professional ကျကျ လုပ်ကိုင်ဆောင်ရွက်ရင်း တဖက်က Customer နဲ့ ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့လိမ္မာ ပါးနပ်ရတာကလည်း ကျွမ်းကျင်မှုတစ်ခုပေါ့ဗျာ။

အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ Customer ကို မိမိ ရဲ့ ရင်းနှီးသော မိတ်ဆွေ၊ ဆွေမျိုးသားချင်းအဖြစ် ရင်းနှီးတဲ့ ဆက်ဆံရေးရအောင် ကြိုးစားဖို့ပါပဲ။

“Customer တစ်ယောက်က မိမိ မိတ်ဆွေ၊ ဆွေမျိုးသားချင်းထက်ပိုပြီး မိမိ လုပ်ငန်းကို ပိုပြီး အကျိုးပြုနိုင်တယ်ဆိုတာကို ခေါင်းထဲထည့်ထားလိုက်ရင်ပေါ့ဗျာ။”

ဒီလိုနဲ့ ဖြတ်သန်းခဲ့ရသော တခါက မိမိ အလုပ်ဆီ ပြန်လည်တွေးတောရင်း …..

ခေတ်သစ် ဇောတိက သူဌေးကြီး နှင့် သူ့ အလှူ

ခေတ်သစ် ဇောတိက သူဌေးကြီး နှင့် သူ့ အလှူ

ထိုနေ့က လူများ ပျားပန်းခတ်မျှ လူးလာခေါက်ချည် သွားလာနေကြလေသည်။ သူဌေးကြီး ဇောတိက အလှူနေ့ပေကိုး။

ခေတ်သစ်မှာ သူဌေးဖြစ်လာတဲ့ ဇောတိက ပေမို့ နတ်လူသာဓုခေါ်မယ့် မော်ဒန်အလှူတစ်ခုလောက်တော့ လုပ်ချင်စိတ်က ပြင်းပြလာတယ်။ ကိုယ့်ရဲ့ ကြိုးစားရုန်းကန်ခဲ့လို့ ရလာတဲ့ ကြွယ်ဝမှုတွေကို အများသူငါကို တတ်အားသမျှ လှူချင်တန်းချင်တယ်ပေါ့။ ဒါနဲ့ပဲ ဒီလို ခြိမ့်ခြိမ့်သဲ အလှူပွဲကြီး ပေါ်ပေါက်လာတယ်ဆိုပါတော့။

မော်ဒန်အလှူပေမို့ ၉၆၉ ဒန်ပေါက်ကျွေးပြီး လာသမျှလူတိုင်း Sim Card တစ်ခုစီ ပေးမယ်လို့လည်း ကြွေးကြော်ထားလေရဲ့။ စားပြီးအပြန်မှာလည်း LV လက်သုတ်ပုဝါ တစ်ထည်စီနဲ့ လက်ပတောင်းကြေးနီမှုန့် တစ်ဗူးလက်ဆောင်ပေးမယ်လို့လည်း သိရသေးသဗျ။ စားနေတုန်းမှာလည်း အပြင်းပြေ လေဒီဂါးဂါး Live Show ပါ ပါသေးတယ်ဆိုပဲ။

ဖိတ်ထားတာကလည်း နာမည်ကြီး Facebook က တဆင့် Event လုပ်ပြီး တိုင်းသိ ပြည်သိ ဖိတ်တာဆိုတော့ လှည်းနေလှေအောင်း လေယာဉ်ပါမကျန် သိကုန်ကြတာပေါ့ဗျာ။ တချို့တောင် ပြည်ပက ပြန်လာပြီး လာစားမလို့ ကြံစည်နေကြတယ်ဆိုပဲ။

လှူတယ် တန်းတယ်ဆိုတာ ရှေးမြန်မာများခေတ်ကတည်းက စီးဆင်းလာတဲ့ ယဉ်ကျေးမှုဓလေ့ ဖြစ်တာနဲ့အညီ ခေတ်သစ်ဇောတိက ရဲ့ လှူချင် တန်းချင်စိတ်ကလည်း အများနဲ့အတူ ဘယ်လျော့မလဲလေ။

ဒီလိုနဲ့ အဲဒီနေ့မှာ ဇောတိက ခမျာ မမောမပန်းနိုင်အားပဲ အလှူအတန်း ဒါနကုသိုလ်တွေ ယူနေတာပေါ့ဗျာ။

အဲဒီအချိန်မှာပဲ သူ့တပည့်ကျော် သာဒိုး မောကြီးပန်းကြီး ရောက်ချလာပါလေရော။ လက်ထဲမှာလည်း IPad Mini လေးကိုင်လို့ပေါ့။

"ဆရာ ဆရာ"

"ဘာလဲ သာဒိုးရ"

"ပွပြီ ဆရာ၊ အကြီးကြီးပွပြီ"

"မင်း ဟာကလည်း အရင်းအဖျားမရှိ၊ ဘာ ပွတာတုန်း"

"Facebook မှာလေ၊ Facebook မှာ ဆရာ့ အလှူအကြောင်းပွကုန်ပြီ"

ဒါနဲ့ပဲ ခေတ်သစ်ဇောတိက တစ်ယောက် စိတ်ဝင်စားသွားပြီး သာဒိုး ဆီက IPad ကို ယူကြည့်တာပေါ့။

ရှိသမျှ သတင်း Page ပေါင်းစုံက သူ့အလှူကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံရိုက်တင်ထားတာများ ဖတ်လို့တောင် မကုန်နိုင်အောင်ပဲ။ ဇောတိက ကြီးလည်း ပျော်မဆုံးပေါ့။

ဖတ်ရင်း ဖတ်ရင်း Comment တွေ ဆီ မျက်လုံးရောက်သွားတယ်ဆိုရင်ပဲ သူ့မျက်လုံးတွေ ပြူးကျယ် ၀ိုင်းစက်သွားပါတော့တယ်။ နောက်တော့ IPad ကို အသာချလို့ အလှူပွဲခင်းထဲကနေ မျက်လွှာချပြီး လေးကန်တဲ့ခြေလှမ်းတွေနဲ့ တလှမ်းချင်းထွက်သွားပါတော့တယ်။

comment များကတော့ .....

"အလကားရထားတာတွေနဲ့ လှူမှတော့ လှူနိုင်တာပေါ့ဗျာ"

"ထောင်မြင်လို့ ရာစွန့်တာလားမသိ"

"ပေါ်ပင်တွေလုပ်နေပြန်ပါပြီ"

"အဲဒီလောက်လှူတာလောက်နဲ့တော့ မွဲသွားပါဦးမယ်"

"စည်းရုံးရေး၊ စည်းရုံးရေး"

"ဘယ်ဗေဒင် ဆရာက ယတြာ ချေခိုင်းလို့လဲ" .... စသဖြင့် စသဖြင့် ......

သာဒိုး လည်း သူ့ဆရာလျှောက်သွားတာကြည့်ပြီး စဉ်းစားမိနေတာကတော့ ရာဇ၀င် ထဲက ဇောတိကသူဌေးကြီးတောင် အဲဒီခေတ်မှာ Facebook မရှိလို့တော်သေးတယ်ပေါ့။ မဟုတ်လို့ကတော့ သူလည်း အမန့် လွတ်မှာ မဟုတ်။ မတွေးကောင်းတွေးကောင်း ဘုရားရှင်ကိုယ်တိုင် ဟောတဲ့ တရားတောင် Facebook ခေတ်မှာ လာဟောခဲ့ရင်ဖြင့် Comment ပေါင်း သောင်းခြောက်ထောင်များရနေနိုင်ကောင်းပါရဲ့လို့။

ကျွန်တော်နဲ့ ခေါင်းဆောင်

ကျွန်တော်နဲ့ ခေါင်းဆောင်

မှတ်မိပါသေးတယ် ... အဲဒီ ညလေး တစ်ညပေါ့ ....

ည ၇ နာရီဆိုတာ ရန်ကုန် မှာဆို သိပ်နောက်မကျပေမယ့် ကားလမ်းမပေါက်တဲ့ ဟိုး ပေ ၃ဝဝဝ ကျော် ရွာလေး တစ်ရွာမှာ အတော်နောက်ကျနေပြီလေ။

လူသွားလမ်းကလည်း မိုး တဖွဲဖွဲနဲ့ ရွာထားတော့ ရွှံ့လမ်း ကြီးကို ဖြစ်လို့။ ၂ မိနစ်လောက် လမ်းလျှောက်ပြီးရင် ဖိနပ်က ရွှံ့ တထပ်ကြီးကို တော်တော် ခွာယူရတယ်။

အဲဒီ အချိန် အထိကို အဖွဲ့မှာ ပါတဲ့ လူတွေအားလုံး ရေစို အဝတ်တွေ ကိုယ်စီရယ်နဲ့ပေါ့။ အဝတ်အစားအိတ်တွေလိုက်ပို့တဲ့ကားက ရွာအထိ မရောက်နိုင်ဘူးတဲ့ဗျာ။

တောလမ်းအတိုင်း တတောင်တက် တတောင်ဆင်းနဲ့ တစ်နာရီလောက် လမ်းလျှောက်ပြန်ယူရမယ်လို့ ကြားတော့ အတော်အားလျော့သွားတာပေါ့။ ခြောက်ခြောက်သွေ့သွေ့ဆို တော်သေးတယ်လေ။ အခုဟာက ညကမှောင်၊ မီးကမရှိ၊ ရွှံ့ထဲလဲ တဗိုင်းဗိုင်းလဲလို့ လမ်းလျှောက်ဖို့ကို မလွယ်တာ။
 

နောက်ပြီး တနေကုန် ဒီရွာရောက်အောင် မနည်းလျှောက်လာခဲ့ပြီး ရွာရောက်ရင် နားတော့မဟဲ့လို့ စိတ်တင်းခဲ့ရတာလေ။ တစ်နာရီလောက် ပြန်လျှောက်ပြီး အထုပ်ထမ်းရမယ်ဆိုတော့ ရှိတဲ့အားတွေတောင် ဘယ်နားရောက်ကုန်ပြီလဲမသိ။

အဲဒီ အချိန်မှာပဲ "လာဟေ့၊ ယောက်ျားလေးတွေ အားလုံးသွားသယ်ကြမယ်" ဆိုပြီး အသံထွက်လာတော့ ကပျာကယာ ရေစိုနေတဲ့ ဖိနပ်လေးလေးကြီး ကို ပြန်ဝတ်ပြီး အဆောင်လေးကအထွက် ရှေ့ဆုံးကနေ ကျွန်တော်တို့ ခေါင်းဆောင်ကြီး မိုးကာ အင်္ကျီ ပါးပါး တစ်ထည်နဲ့ ထွက်သွားတာမြင်လိုက်ရတယ်။ ဒါနဲ့ အားလုံး ပြေးလိုက်ရတာပေါ့ဗျာ။

အနွေးအင်္ကျီ ထူထူ ဝတ်ထားတာတောင် မိုးနဲ့ တောင်ပေါ်အအေးဓါတ်နဲ့ ပေါင်းတော့ ဘာပြောကောင်းမလဲဗျာ။ ခိုက်ခိုက်တုန်ပေါ့။ နောက်ပြီး အောက်က ရွှံ့ကလည်း လျှောနေတော့ တပိုင်းပိုင်းနဲ့ လဲ ပြီး သွားကြတဲ့ လူတွေ အကုန်လုံး အဝတ်အစားအိတ်ပါတဲ့ ကားဆီရောက်အောင် မနည်းသွားနေရတာပေါ့။

နဖူးက ဓါတ်မီးလေး ပါလို့သာ ကိုယ်သွားမယ့်လမ်း မြင်ပြီး သွားရတာ။ နောက်ဆုံး ချော်လဲပါများပြီး ခြေထောက်က ဖိနပ်က ရွှံ့တွေနဲ့ လေးလာတော့ ရှေ့လည်း မသွားနိုင်၊ နောက်လည်း မပြန်နိုင်နဲ့ အဲဒီအချိန်မှာ စိတ်က ဖြစ်လာတာက "လက်လျော့တဲ့စိတ်။" တနေကုန်လည်း လမ်းလျှောက်လာပြီး အားကုန်နေတာမှ လုံးဝ ခြေကုန်လက်ပန်းကျနေပြီလေ။

ဒီမှာပဲ ထိုင်နေတော့မယ်လို့။ မတက်နိုင် မဆင်းနိုင်ကိုး။ ဒါပေမယ့် စိတ်ထဲ ချက်ချင်းဝင်လာတာက ခေါင်းဆောင်ကြီးလို လူတစ်ယောက်တောင် ရှေ့ဆုံးကနေ အိတ်ကို လမ်းလျှောက်သွားသယ်နေတာ လို့ စိတ်ထဲကတွေးတော့ အလိုလို အားတွေ ပြန်တက်လာပြီး တပိုင်းပိုင်းနဲ့ ကားဆီရောက်အောင် လျှောက်တာပေါ့ဗျာ။

အဲဒီ မှာပဲ ခေါင်းဆောင်ကြီးဟာ ကျွန်တော့်အနေနဲ့ တစ်အိတ်တည်းတောင် အတော်ထမ်းရတဲ့ အိတ်ကို နှစ်အိတ် ရွက်လို့ အပန်းတကြီး ပြန်သယ်ဆင်းသွားတာ တွေ့ရတာပဲ။

ကျွန်တော် တော်တော်ရှက်သွားတယ်ဗျာ။ ခုနက နေရာမှာ လက်လျော့ ထိုင်နေတော့မယ်ဆိုတဲ့ အတွေးကို တွေးမိလို့လေ။ နောက်ပြီး ခေါင်းဆောင်ကြီး ကို လူတွေ ဘာကြောင့် လေးစားတယ်ဆိုတာကိုလည်း မျက်ဝါးထင်ထင် တွေ့လိုက်ရတယ်။

နောက်ပြီး ခေါင်းဆောင်ကြီးရဲ့ အိတ်က နဂိုကတည်းက တည်းတဲ့ ရွာကို ရောက်ပြီးသားပါ။ အဲဒီ အချိန်အခါ၊ နေရာဒေသ၊ ရာသီဥတုမှာ သူ့အိတ်မပါပဲနဲ့ သူများအိတ်တွေကို နှစ်အိတ်ထမ်းပြီး (ကျွန်တော် အိတ်တစ်လုံး အနိုင်နိုင်သယ်ရတာ) သယ်ပေးခဲ့တဲ့ စိတ်ဓါတ် ကိုတော့ မအံ့သြပဲ မနေနိုင်တော့ပါဘူး။

အဲဒီ အကြောင်းကို လည်း ခေါင်းဆောင်ကြီးအနေနဲ့ နောက်နောင် ဘယ်တော့မှ အရေးတယူပြန်ပြောတာလည်း မတွေ့ရပါဘူး။ သူ့ အတွက် သာမန်လုပ်ရိုးလုပ်စဉ် အရာလို့ သတ်မှတ်ထားမယ် ထင်ပါတယ်။

ကျွန်တော်ကတော့ မပြောပဲ မနေနိုင်လို့ အခါအခွင့်သင့်တိုင်းလည်း တွေ့တဲ့သူတွေကို ပြောပြဖြစ်ပါတယ်။ အခုတော့ စာချရေးလို့ ရင်ထဲ ရှိတာတွေ ထပ်ပြောဖြစ်ပါတယ်။

အဖြစ်အပျက်ကလည်း တကယ့်ကို ကျွန်တော်ကိုယ်တိုင်တွေ့မြင်ကြုံတွေ့ခဲ့ရတာဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်ဗျာ။ ကျန်တဲ့ သက်သေတွေလည်း အများကြီး ရှိကြပါတယ်။

ခေါင်းဆောင် ဆိုတာ ဘယ်လိုမျိုးဆိုတဲ့ သင်ခန်းစာလည်း ကောင်းကောင်းကြီးရလိုက်ပါတယ်။ ကျွန်တော် စိတ်ထဲလည်း အလိုလို ကို ခံစားမိခဲ့ရတယ်။

"အဲဒါမှ တကယ့် ခေါင်းဆောင်လို့ပေါ့" ....

နို့

သမ္မတကြီးထံမှ "အရက်"အစား "နို့" သောက်သုံးရန်တိုက်တွန်းပြီး သကာလ...ရပ်ကွက်များထဲတွင်
ထိုအသံများ မကြားချင်အဆုံး ကြားရကိန်း မြင်ရ၏...

- နို့ ကို ကြိုက်လို့ သောက်တဲ့ လူ စိတ်ပျော်လွန်းလို့  သောက်တဲ့လူ သောက်ပစ်လိုက်မယ် နို့ များများ ..

-ညနေဆို နို့ လေး ပြေးစို့ လိုက်ရမှ.. မဟုတ်ရင် လေချဉ် အားကြီးတက်တာ..

- ကာလနာ မြွေပွေးကိုက်ကြီး ညနေဆိုရင် နို့ တွေမူးပီး ပြန်ရောက်လာပီ

-ဖေကြီး.. ရှင်လဲ ဆေးဖြစ်ဝါးဖြစ်ဆိုပီး နို့ တွေသောက်လာတာ ကြာပီနော်

-မနေ့ ညက နို့ တွေ သောက်တာများလို့  လက်ကျန်နို့ လေးနဲ့  ပြန်ဖြေနေရတယ်

- မိန်းမ... နို့ ဖိုးပေးဇမ်း

- ညီမလေးးး အစ်ကို့ ကို နို့ တစ်လုံးလောက်

-မင်္ဂလာဦးညမလို့  သူငယ်ချင်းတွေက နို့ တိုက်လို့  သောက်ရတာပါ..

-မင်းရာထူးတိုးတယ်မလား?.... နို့ တိုက်ကွာ

-လူငယ်တွေ ပျက်စီးမှာ စိုးလို့  ဒီနို့ ကို ကုန်အောင် သောက်ပေးနေရတာ

-ကျမယောက်ျားလေ.. နှစ်ကူးကျရင် နို့ ဖြတ်တော့မယ်တဲ့..

-ဘီယာဆိုင်ရောင်းပီး နွားပဲ မွေးတော့မယ်.

-မိန်းမနဲ့  နို့ ဆိုရင် နို့ က ပိုသစ္စာရှိတာကွ..

-ရှင်ကျမကို နို့ နံ့ တထောင်းထောင်းနဲ့  ရည်းစားစကား လာမပြောပါနဲ့ 

-ရှင် နို့ ကို ဖြတ်မလား?
ရှင့်ကို ကျမ ဖြတ်ရမလား?

-အစ်ကို... နို့ ဖြူလား? နို့ ဂရင်းလား?နို့ ကော့တေးလား?

- ကိုယ်တွေက နို့ ဆို လေဘယ်မှ သောက်တာ

- သမီးရေ ...နင့်အစ်ကိုတွေကို နို့ လမ်းလျှောက်တစ်လုံး ချပေးလိုက်အုံး

-ဆရာ့ကြိုက်တတ်လို့  နို့ နဲ့  လာကန်တော့တာပါ

-ဒီနေ့ သောက်ဖြစ်တဲ့ နို့ လေး ဖေ့ဘွတ်မှာ တင်မှပါ

-နို့ ဋီကာနဲ့  နို့ လုလင် နို့ သမား အမှားတစ်ရာ စာအုပ်များ ထွက်မည် / မျှော်

-နာမည်မေ့နေလို့  ဟိုမော်ဒယ် ကြော်ငြာတဲ့ နို့ လေ

-ကဲကဲ.. ကိုကြီးကျော်ကို နို့ လေး ဆက်လိုက်ရအောင်

- နို့ သောက်ပီး မောင်းလို့  ဒဏ်ငွေ ဆောင်ခဲ့ရတယ်ကွာ

-ဗယ်လင်တိုင်းဒေးမှာ နို့ တွေ မသောက်ရဘူးနော် ကို

- ဒါ .. အမိန့် ရ နို့ ဆိုင်ကွ..

- သမ္မတကြီး ပြောလို့  နို့ သောက်ရတာပါ

-တောင်းပန်ပါတယ်..
အတည်ယူဆိုယူပါ့မယ်...မနေ့ ညက ကိုယ် နို့ တွေ လူမှန်းသူမှန်း မသိအောင် မူးသွားလို့ ပါ..

နို့သောက်ရင်း ရေးသည်... နို့  နို့  နို့  ( အဲလေ ) ခိခိခိ

နို့ သမား
( အဂ္ဂါ )

တရားနဲ့ဖြေ







ပိတောက်

နေ့လယ်ကပေါ့ …

ဘာရယ်မဟုတ် ဟိုဒီငေးရင်းနဲ့ ပိတောက်ပင်တစ်ပင်သွားတွေ့တယ်။ အဲဒီ ပိတောက်ပင်မှာ ပိတောက်ပန်းတွေများဝေလို့။ အဆုပ်လိုက် အခိုင်လိုက်နဲ့ အသီးတွေတောင် ရှိနေသေးရဲ့…

တွေးမိသွားတယ်။ ဒီပိတောက်တွေ သင်္ကြန်အချိန်မှာဆို ဘယ်လောက်များ ခူးချင်သူများလိုက်မလဲ။ သူ့ရဲ့ တန်ဖိုးလည်း ဘယ်လောက်များလိုက်လိမ့်မလဲလို့လေ။

အခုတော့လည်း အဲဒီပိတောက်လေးတွေက အပင်ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ပွင့်နေရှာရတယ်။ သူတို့တွေ ဘယ်လောက်ပဲ အစွမ်းကုန်ပွင့်ပွင့် သူ့အချိန်အခါ မဟုတ်လေတော့ ဘယ်သူမှ အရေးစိုက်မှာမဟုတ်ဘူးလေ။

လူဆိုတာလည်း ဒီလိုပါပဲ။ အခါအခွင့်သင့်တဲ့အခါ ပိတောက်လိုပဲ အရေးစိုက်သူများပေမယ့် အချိန်မသင့်ရင်တော့ ဒီ ပိတောက်လိုပဲ ဘယ်သူကမှ ဂရုမပြု ကြဘူးမလား။

ကျွန်တော်ကပဲ အဲဒီပိတောက်လေးတွေကို ပြောလိုက်ပါတယ်။

“ပိတောက်တို့ရေ၊ မင်းတို့ကာလ သင်္ကြန်ပြန်ကျရင်တော့ မင်း တို့ပုန်းလို့တောင် ရမှာမဟုတ်ဘူး” လို့....

တုတ် နဲ့ ဓါး

တုတ် နဲ့ ဓါး

ရာဇဝင် သမိုင်းတွေမှာ မြန်မာတွေဟာ ရှေးခေတ်ဦးကတည်းက ရရာ တုတ်ဓါးလက်နက်တွေ ဆွဲကိုင်တိုက်ပွဲဝင်တယ်ဆိုပြီး အမြဲ ဖတ်ရှုမှတ်သားခဲ့ရပါတယ်။ ပုဂံခေတ်၊ ကုန်းဘောင်ခေတ် ကစလို့ တုတ်ဓါးဆွဲကိုင်လာလိုက်တာ ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၄ အထိပါ ရောက်လာတယ်ဆိုရင်တော့ တော်တော့်ကိုလွန်နေပြီလို့ပဲ တွေးမိပါတယ်။ အလောင်းမင်းတရားတို့ ဝါးရင်းတုတ်နဲ့ ယိုးဒယားကို သိမ်းခဲ့တယ်ဆိုတာ ပဒေသရာဇ်ခေတ်မှာ ကျန်နေရစ်ခဲ့သင့်ပါပြီ။

နိုင်ငံအနေနဲ့လည်း ခေတ်နောက်ကျကျန်နေခဲ့လိုက်တာ Industrialized ခေတ်တောင် အပြည့်အဝ မရောက်နိုင် ဖြစ်နေသေးတာပါပဲ။ ဒါပေမယ့်လည်း အခုထက်ထိကို တုတ်တွေ ဓါးတွေ ဆွဲကိုင်လို့ကောင်းတုန်းဆိုတော့ ဘယ်သူတွေကများ ဒီလို လူတွေကို Educate လုပ်ပေးနိုင်ပါ့မလဲလို့ တွေးမိနေပါတယ်။ သမိုင်းသင်တယ်ဆိုတာ မ အ အောင်လို့ ဆိုပြီး ဖတ်ဘူး မှတ်သားဖူးပါတယ်။ အခု ဒီနိုင်ငံမှာ အ နေတဲ့သူတွေ ဘယ်လောက်များများ ရှိနေမလဲလို့ စိတ်ရူးပေါက်ပေါက်နဲ့တောင် စဉ်းစားမိပါတယ်။

စာဖတ်တယ် ဆိုတာ ဖွဘုတ်မှာ သူ့ထက်ငါ ဝါဒဖြန့်နေတာတွေ၊ သွေးထိုးနေတာတွေ ဖတ်တာ စာဖတ်တယ်လို့ မခေါ်နိုင်ပါဘူး။ အတွေးအခေါ်၊ ဗဟုသုတ နဲ့ သုတ ရသ ရစေနိုင်တဲ့ စာတွေဖတ်တာကမှ စာဖတ်တယ်လို့ ပြောသင့်တာကိုး။ အခုဒါတွေ ရေးနေတဲ့ ကျုပ်လည်း ဘာမှ သိတတ်နေလို့မဟုတ်ပဲ စာအနည်းငယ်ဖတ်ဖူးတဲ့ လူတစ်ယောက်အနေနဲ့ပဲ ကိုယ်တွေ့နေ မြင်နေတာလေးကို ရေးမိတာပါ။ မနေနိုင် မထိုင်နိုင်ပေါ့ဗျာ။

နိုင်ငံတိုးတက်ရေး၊ ကြီးပွားရေးလို့ စကားကြီး စကားကျယ် မပြောချင်ပါဘူး။ ကျုပ် နေထိုင်နေတဲ့ ဒီနိုင်ငံကိုတော့ အဝေးကြီး မကြည့်ပဲ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတွေကို အမှီလိုက်နေတဲ့ ပုံစံမျိုးတော့ မြင်ချင်မိတာပေါ့။ အခုလို ပုဂံခေတ် ပုံစံမျိုး တုတ်တွေ ဓါးတွေ ဆွဲနေမယ့်အစား ကိုယ်စီ ကိုယ်စီ အတ္တမာနလေးတွေ ထားပြီး ဝိုင်းကြိုးစားကြရင် သိပ်ကောင်းမယ်လို့ထင်ပါတယ်။

အဲဒီ အတ္တကတော့ အခြားနိုင်ငံသားတွေနည်းတူ လူတန်းစေ့ ပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ “နိုင်ငံသားတစ်ယောက်ရဲ့ အတ္တ” လို့ပဲဆိုကြပါစို့ရဲ့။

အချိန်

အချိန် တဲ့။ အချိန် ဆိုတဲ့ အတိုင်းအတာဟာ လောကမှာ အတော်ကို အရေးပါနေတဲ့ သတ်မှတ်ချက်တစ်ခုပေါ့။

လူ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို ၅ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာနဲ့ သတ်မှတ်နိုင်တယ်လို့ မှတ်သားဖူးပါတယ်။ ၅ နှစ်ကြာ ဖြတ်သန်းမှုက လူတစ်ဦးရဲ့ အကျိုးအကြောင်း၊ အဆိုးအကောင်းကို မှတ်ကျောက်တင်နိုင်တာကိုး။ ဒါကြောင့် မိမိ ရည်မှန်းချက်၊ ရည်ရွယ်ထားတာတွေ အကောင်အထည်ဖော်တဲ့အခါ “နောင် ၅ နှစ်ကြာတဲ့အခါ ငါ ဘာဖြစ်ရမယ်။ ဘယ်လိုအနေအထားရောက်ရမယ်” ဆိုပြီး Plan ချ သတ်မှတ်ထားသင့်တယ်လို့ တွေးမိပါတယ်။

အလားတူ အဖွဲ့အစည်း၊ နိုင်ငံတစ်ခုရဲ့ ဖြတ်သန်းမှုကိုတော့ Decade ဆယ်စုနှစ်ကြာရင် မှတ်ကျောက်တင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီထက်ကြာခဲ့မယ်ဆိုရင်တော့ ရာစုနှစ် (Century) နဲ့တိုင်းတာရမှာပေါ့။ ကျွန်တော်တို့နိုင်ငံကရော Decade လား၊ Century လားဆိုတာတော့ ဥာဏ်မမှီတဲ့အတွက် မဝေဖန်လိုတော့ပါဘူး။

လူတစ်ဦးချင်းအတွက်တော့ ၅ နှစ်ဆိုတဲ့ ရည်မှန်းချက် Plan ထားရှိကြမယ်ဆိုရင် ကောင်းပါလိမ့်မယ်လို့ထင်ပါတယ်။ အဲဒီတော့မှလည်း အဖွဲ့အစည်း၊ နိုင်ငံအတွက် ဆယ်စုနှစ် Decade မှတ်ကျောက်တွေ ဖြစ်လာနိုင်မယ်လို့ ဆက်စပ် တွေးမိပါတယ်ဗျာ …

အလင်း နဲ့ အသံ

တခါတုန်းက ခရီးသွားတစ်ယောက်ဟာ လမိုက်ည မိုးလေကြီးတဲ့အချိန် မြင်းတစ်ကောင်နဲ့ ခရီးသွားခဲ့ပါတယ်။

လျှပ်စီးကလက်၊ မိုးတွေကချုန်း၊ လမ်းမီးတိုင်လည်း မရှိဆိုတော့ လျှပ်စီးလက်တဲ့ခဏမှာ မြင်ရတဲ့ လမ်းလေးကိုပဲ သွားနေရတဲ့အတွက် ဘယ်လိုမှ ခရီးမတွင်နိုင်ဘူးပေါ့။ အဲဒီမှာ ခရီးသွားက ဆုတောင်းလိုက်တယ်။ လျှပ်စီးလက်တဲ့အခါ အလင်းကို ဒီထက်ပိုပေးပြီး အသံကိုတော့ လျှော့စေချင်ပါတယ် မိုးနတ်မင်းကြီးရယ်လို့ပေါ့။

အခု ကျွန်တော်တို့လည်း နိုင်ငံအတွက် အဲဒီလို လိုက်ဆုတောင်းရမလိုဖြစ်နေပါပြီ။ အသုံးဝင်မယ့် အလင်း လို အရာတွေ များများပေးပြီး နိုင်ငံအတွက် ဘာမှထူးမလာနိုင်တဲ့ အသံတွေကိုတော့ လျှော့ပေးကြပါလို့ ဆုတောင်းရင် ကောင်းမလားပဲ။

ပုဂံ နှင့် ၃၇ မင်း

ပုဂံ မြေကို ခြေချမိတိုင်း ရင်ထဲမှာ တစ်မျိုးတစ်မည် အမြဲခံစားမိတယ်။ အခေါက်ခေါက် အခါခါရောက်လည်း အဲဒီ ခံစားမှုကတော့ ပျောက်မသွားခဲ့ပါဘူး။ မြန်မာတို့ရဲ့ အလွန်ခမ်းနားလှတဲ့ စေတီဘုရားတွေ၊ သမိုင်းတွင်စရာတွေ အများကြီးရှိတဲ့ နေရာဒေသကြီး ဖြစ်လို့နေမယ်ဆိုပြီး တွေးမိတယ်။
သမိုင်းဝင် အထင်ကရနေရာတွေရှေ့မှာရပ်ပြီး အနော်ရထာတို့၊ ကျန်စစ်သား၊ အလောင်းစည်သူတို့ ဒီနေရာကို လာခဲ့တာပဲ။ သူတို့ရော ဒီနေရာမှာ ရပ်ပြီး ဘာတွေ တွေးပြီး၊ ဘာတွေ လုပ်ခဲ့သလဲလို့ ခံစားကြည့်ရတာလည်း အရသာတစ်မျိုးပေါ့လေ။

သမိုင်းကို ပြန်တူးဆွကြည့်ရင် အနော်ရထာမင်း မွန်တို့တိုင်းပြည်ကနေ ဗုဒ္ဓသာသနာသာမက ပန်းဆယ်မျိုးအတတ်ကိုပါ ဆောင်ကျဉ်းလာခဲ့လို့ ပုဂံမှာ သာသနာတော်ရော၊ လက်မှုအတတ်တွေပါ ထွန်းကားလာခဲ့တယ်လို့ သိရှိရပါတယ်။ ဗုဒ္ဓသာသနာ ပုဂံမြေရောက်လာတာနဲ့ တပြိုင်တည်း အနော်ရထာမင်းဟာ အရင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်တဲ့ နတ်စင်၊ နတ်ရုပ်တွေ နဲ့ အရည်းကြီး အယူအဆတွေကို ဖယ်ရှားပစ်ခဲ့တဲ့ သာသနာပြုမင်းတစ်ပါး အဖြစ်လုပ်ဆောင်ခဲ့ပါတယ်။ ကျန်စစ်သား လူလားမမြောက်ခင် ကလေးငယ်တွေ လိုက်သတ်ခဲ့တဲ့အပိုင်းက လွဲရင် အားလုံးအကောင်းချည်းပါပဲ။

ကျွန်တော် အရင်က အနော်ရထာနဲ့ ကျန်စစ်သား တည်ခဲ့တဲ့ ရွှေစည်းခုံဘုရားဆီ ခဏ ခဏ ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် သတိမထားဖြစ်ခဲ့တာကတော့ အနော်ရထာမင်း လက်ထက်ကတည်းက နတ်ရုပ်တွေကိုပါပဲ။ နတ်ကိုးကွယ်မှု အယူအဆကို တားမြစ်တဲ့အနေနဲ့ နတ်ရုပ်တွေထဲက နတ်ရုပ်မျိုးစုံကို ရွှေစည်းခုံဘုရားရင်ပြင်ရဲ့ အတွင်း၊ အပြင်မှာ စုပုံလို့ ထားခဲ့တာ ယနေ့ထက်တိုင်ရှိနေသေးတယ်လို့ မကြာသေးခင်ကမှ ဖတ်မိလိုက်လို့ပါ။ ဘုရားရင်ပြင် အတွင်းမှာ ထားတဲ့ နတ်ရုပ် ၃၇ မျိုးကို အတွင်း ၃၇ မင်း၊ ရင်ပြင်တော် အပြင်ဖက်မှာ ထားတဲ့ နတ်ရုပ် ၃၇ မျိုးကို အပြင် ၃၇ မင်း ရယ်လို့ နောက်ပိုင်း သတ်မှတ်ကြတာကိုး။

အရင်က နတ်ရုပ်တွေကို သိမ်းပြီးထားခဲ့တာ နတ်လျောင်းကျောင်း (သို့) နတ်လှောင်ကျောင်း ပဲ ရှိမယ်လို့ ထင်ခဲ့မိတာပါ။ အကြောင်းတိုက်ဆိုင်လို့ နောက်တစ်ခါရောက်ဖြစ်ရင်တော့ ရွှေစည်းခုံဘုရား က နတ်ရုပ်တွေနဲ့ အာနန္ဒာဘုရား က နတ်ရုပ် ပန်းပုတွေကို လေ့လာမယ်လို့ စိတ်ကူးထားမိပါတယ်။ ဒီအကြောင်းအရာတွေကို မသိသေးတဲ့သူများအတွက်တော့ ပုဂံရောက်ရင်ဖြင့် သမိုင်းဝင်အရာတွေကို ကြည့်ဖြစ်အောင်ကြည့်ဖို့နဲ့ ကျွန်တော့်လို ကျော်သွားမိမှာစိုးလို့ စေတနာနဲ့ တိုက်တွန်းလိုက်ပါတယ်။

မိုး ဋီကာ

မိုး ဋီကာ

မိုး သည်းသည်းမည်းမည်းရွာချတာကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလဲရှိပါတယ်။ ဒါပေမယ့် မိုးရွာတာက သဘာဝတရားပဲမို့ ကြိုက်ကြိုက်မကြိုက်ကြိုက် မိုးကတော့ ရွာမှာပါပဲ။

မိုးရွာနေတဲ့အချိန် ကျွန်တော်တို့တွေ အရေးတကြီး အပြင်သွားစရာ ရှိနေရင် ဘာလုပ်ကြပါသလဲ။

ထီး၊ မိုးကာယူ၊ တတ်နိုင်သမျှ အမိုးအကာအောက်ကသွားလို့ လိုရာခရီးကို ဆက်နိုင်ဖို့ ကြိုးစားကြရပါတယ်။ အပြင်ထွက်ရမှာ ကြောက်လို့၊ ပျင်းလို့ မထွက်ဘူးဆိုရင်ဖြင့် ဘယ်မှရောက်တော့မှာ မဟုတ်ဘူးလေ။

အလားတူ ကျွန်တော်တို့တွေရဲ့ လူနေမှုဘဝတွေ၊ လုပ်ငန်းခွင်တွေမှာလည်း မိုးသည်းရွာချသလို အခက်အခဲ၊ အဆင်မပြေမှုတွေကိုလည်း ရှောင်လွှဲလို့မရတဲ့ လောကဓမ္မတာတွေလို့ ခံယူပြီး ရင်ဆိုင်တတ်ဖို့ လိုပါတယ်။ ဒါတွေကို ကြောက်လို့ ရင်မဆိုင်ချင်ဘူး၊ မပြင်ဆင်ဘူးဆိုရင်တော့ အရှုံးဘက်ကို ရောက်သွားမှာ အသေအချာပါ။

ဒါကြောင့်မို့ ရင်ဆိုင်လာရတဲ့ အခက်အခဲပြဿနာ၊ အဆင်မပြေမှုတွေကို လူတိုင်း တနေ့မဟုတ် တနေ့ ကြုံတွေ့ရမြဲကိစ္စတွေအဖြစ် ခေါင်းအေးအေးထားလို့ ကိုယ့်ကိုကိုယ် စနစ်တကျ ပြင်ဆင်ဖြေရှင်းသွားမယ်ဆိုရင် အဲဒီအရာတွေအားလုံး ပပျောက်သွားပြီး မိမိ လုပ်ငန်းခွင်၊ ဘဝတွေ အဆင်ပြေချောမွေ့သွားနိုင်ပါတယ်။ “အောင်မြင်မှုဆိုတာ အခက်အခဲတွေက ရလာတဲ့ အသီးအပွင့်” ဆိုတဲ့ စကားလေးကို ပြန်တွေးရင်းနဲ့.....

နိဂုံး ( သို့ ) နိဒါန်း

နိဂုံး ( သို့ ) နိဒါန်း

၂၀၁၃

မင်း ဒီလို ပြာယာယာ ပြီးဆုံးတော့မှာပေါ့။

ငါ့ ကို မင်းပေးတဲ့အထဲ
စကားလုံး ကြမ်းကြမ်းကြီးတွေပါတယ် ….
နောက် … လူတွေရဲ့ မာန အတ္တတွေပါတယ် ….
မနာလို ဝန်တိုခြင်း အတင်းအဖျင်းတွေနဲ့ပေါ့ ….

နေ့တိုင်းလည်း နေမင်း မသာသလို
ညတိုင်းလည်း လေညှင်း မလာဘူး ….

ဘာပဲပြောပြော ပြင်းရှရှ နှစ်သစ်တော့ မဖြစ်စေချင်ဘူးဗျာ ….

ကုန်လွန်မယ့် နှစ်ထဲမှာ
မင်းနဲ့အတူ ကဗျာတွေထားခဲ့မယ် ….
စာတွေသာ ကဗျည်းမှတ်တိုင်ဆို
ငါ သင်ပေးတဲ့ သမိုင်းမှာ မင်း အောင်ချက်ကောင်းနေလောက်ပြီ ….

၂၀၁၃ ရေ
မင်းအတွက် နိဂုံးမှာ ငါ ချရေးတဲ့ကဗျာ
နောင်နှစ်ရဲ့ နိဒါန်း ဖြစ်သွားရှာပြီလေ ….

စာ

စာ

 

ဒီနေ့ အကိုတစ်ယောက်ကမေးတယ်။ မင်း စာတွေ ရေးလားတဲ့။ ရုတ်တရက် ပြန်မဖြေဖြစ်လိုက်ဘူး။ ကိုယ်တိုင်က စာရေးတယ် မရေးဘူး ဆိုတာ ဝေခွဲမရလို့ပေါ့။

အခု ဒီ Status လေးရေးနေတဲ့ အချိန်အထိလည်း ကိုယ့်ကိုကိုယ်မေးနေမိတယ်။ ငါ စာရေးတာလား။ ဒါမှမဟုတ် ဘာလဲ။

ဝါသနာအလျောက် ရင်ထဲက တွေးတောမိတာလေးတွေရှိရင်တော့ ကဗျာလေးတွေ စပ်ဖြစ်တယ်။ အတွေးအခေါ်တစ်ချို့ကို အများနဲ့ ဆွေးနွေးနိုင်အောင်လို့ စာအနေနဲ့ ချရေးမိဖြစ်တယ်။ လုပ်ငန်းပိုင်းဆိုင်ရာ စာတွေ ရေးဖြစ်တယ်။ အဲဒါကို စာရေးတယ်လို့ ခေါ်ရင်တော့ ကျွန်တော် စာရေးပါသည်ပေါ့။

ဒါပေမယ့် ကျွန်တော့် ကဗျာ၊ ဝတ္တုတို တစ်ပုဒ် တစ်လေတောင်မျှ ပုံနှိပ်တိုက်ပေါ် မရောက်ဘူးလေတော့ စာ ရေး တယ်လို့လည်း မဆိုနိုင်ဘူးလို့ တွေးမိပြန်ရော။ စာအကြောင်း ပြောရင်း ဝေခွဲမရတာတွေ ဖြစ်နေလို့ မနေနိုင်တာနဲ့ စာချရေးမိတာပါ။ ပြောပေးကြပါဦးဗျာ။ ကျွန်တော် စာ ရေးတာလား … သို့မဟုတ် ….

စာ

သမိုင်းအစ ကနဦးက
ရေးတဲ့ သည်စာ ပေဖူးလွှာ …

အချစ် အတွက်က ရည်းစားစာ
နိုင်ငံ့ အတွက်က သဝဏ်လွှာ

စစ်ပွဲတွေ ဖြစ်ခဲ့တာ သည် စာ
တရားတွေ ရခဲ့တာ သည် စာ

အမှန်တွေ မြင်ရတဲ့ စာ
လူတွေ သင်ရတဲ့ စာ

ကျောက်စာ…ပေစာ…ပုရိပိုဒ်စာ…သင်ပုန်းစာ…သေ စာ…ရှင် စာ…

နောက်ဆုံး ..

မရေးချင်တော့တဲ့ … သင်ခန်းစာ။

လွမ်းတဲ့ အကြောင်း

လွမ်းတဲ့ အကြောင်း 

ညနေ ကပေါ့။ ဘာရယ်မဟုတ် ကောင်းကင်ပေါ် မော့ကြည့်မိတယ်။ တိမ်တွေ အထွေးထွေးရယ်နဲ့လေ။ တောင်ဘက်က ပျံလာတဲ့ ငှက်ကလေးတွေကလည်း စိုးစိုးစီစီ။

စိတ်ကူးထဲ ရုတ်တရက်ပေါ်လာတာက ပလက်တီနမ် ခြေကျင်းလေး။

ဒီအချိန်မှာ ဘာတွေများလုပ်နေမလဲ။ Valentine day မှာ ပေးခဲ့တဲ့ စာကြောင်းလေးကိုများ ဖတ်နေမလား။ ဒါမှမဟုတ် သူမရဲ့ Ipad လေးနဲ့များ Game တွေ ဆော့နေမလား။ ကိုယ့်အကြောင်းဘာများမတွေးပဲနဲ့ ညနေဘာများစားရမလဲလို့ သူမရဲ့ ခေါင်းထဲ ဝင်နေမလားပဲ။

ဘာပဲဖြစ်ဖြစ်ပါလေ။ ကျွန်တော့်မှာ သတိရစရာ ကောင်မလေးတစ်ယောက် ကမ္ဘာပေါ်မှာ တည်ရှိနေတယ်ဆိုတာကပဲ ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိနေပါပြီ။

ခရီးမကြာခဏ ထွက်ရတတ်တဲ့ လူတစ်ယောက်အဖို့တော့ သတိရတယ်ဆိုတာ အလေ့အကျင့်တစ်ခုတောင် ဖြစ်နေပါတယ်။ တစ်ချိန်လုံးမဟုတ်တောင် အစားအသောက်တွေစားရင်ပဲဖြစ်ဖြစ်၊ ရှုခင်းလှလှလေးတွေ မြင်ရရင်ပဲဖြစ်ဖြစ် သူမကို ဘေးနားရှိနေစေချင်တာ အခါခါ။

အေးပေါ့လေ။ သတိရခြင်းကို မခံစားရရင် ချစ်ခြင်းကလည်း အနှစ်သာရ ပြည့်စုံမှာ မဟုတ်ဘူး။
မှုန်မှိုင်းမှိုင်းတောင်တွေကလည်း အလွမ်းဓါတ်ခံကို ပိုပို နှိုးဆွနေသလိုပါပဲ။ ဘယ်တော့မှ မရိုးသွားတဲ့ ရင်ထဲက အသံကတော့ လွမ်းတယ်ပေါ့။

လွမ်းတယ်ဆိုတဲ့ စကားလေးနှစ်လုံးနဲ့တင် ရင်ထဲကခံစားချက်ကို ပြည့်ပြည့်ဝဝ ဖော်ညွှန်းနိုင်တယ်ဆိုတာကတော့ တော်တော် တန်နေပြီလို့ ခံစားရမိတယ်။

ဒီလိုပါပဲ။ လူတိုင်းမှာ ခံစားရတဲ့ ရသလေးတွေကတော့ အချိန်နေရာအလိုက် အမျိုးမျိုးရှိကြမှာပါပဲ။ အဲဒီ ခံစားချက်တွေကို ဖွင့်ဆိုမယ့် စကားလုံးတွေကလည်း အများသား။

ကျွန်တော်လည်း ဘာရယ်မဟုတ် ကျွန်တော်ခံစားခဲ့ရတဲ့အရာလေးတွေတွေးပြီး စာဖွဲ့မိတာရယ်ပါ။ ပြောရင်းနဲ့ဗျာ … ကဗျာလေး စပ်ချင်စိတ်တောင်ပေါ်လာတယ်။ ကျွန်တော်လွမ်းတဲ့ အကြောင်းကိုပေါ့။

လွမ်းကဗျာတဲ့ …

ပင့်သက်ရှိုက်သံ
ညံတိုင်းလွမ်း …

နှလုံးလှိုက်တုန်
ခုန်တိုင်းလွမ်း …

လွမ်းတေးသီဆို
ငိုတိုင်းလွမ်း …

လွမ်းစိတ်လျှံကျ
လွမ်းလွန်းလှ၍
လွမ်းစာတွေရေး
လွမ်းတေးတွေသီ
လွမ်းသူ့ထံပါး ကြားစေချင် …