မိုး သည်းသည်းမည်းမည်းရွာချတာကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလဲရှိပါတယ်။ ဒါပေမယ့် မိုးရွာတာက သဘာဝတရားပဲမို့ ကြိုက်ကြိုက်မကြိုက်ကြိုက် မိုးကတော့ ရွာမှာပါပဲ။
မိုးရွာနေတဲ့အချိန် ကျွန်တော်တို့တွေ အရေးတကြီး အပြင်သွားစရာ ရှိနေရင် ဘာလုပ်ကြပါသလဲ။
ထီး၊ မိုးကာယူ၊ တတ်နိုင်သမျှ အမိုးအကာအောက်ကသွားလို့ လိုရာခရီးကို ဆက်နိုင်ဖို့ ကြိုးစားကြရပါတယ်။ အပြင်ထွက်ရမှာ ကြောက်လို့၊ ပျင်းလို့ မထွက်ဘူးဆိုရင်ဖြင့် ဘယ်မှရောက်တော့မှာ မဟုတ်ဘူးလေ။
အလားတူ ကျွန်တော်တို့တွေရဲ့ လူနေမှုဘဝတွေ၊ လုပ်ငန်းခွင်တွေမှာလည်း မိုးသည်းရွာချသလို အခက်အခဲ၊ အဆင်မပြေမှုတွေကိုလည်း ရှောင်လွှဲလို့မရတဲ့ လောကဓမ္မတာတွေလို့ ခံယူပြီး ရင်ဆိုင်တတ်ဖို့ လိုပါတယ်။ ဒါတွေကို ကြောက်လို့ ရင်မဆိုင်ချင်ဘူး၊ မပြင်ဆင်ဘူးဆိုရင်တော့ အရှုံးဘက်ကို ရောက်သွားမှာ အသေအချာပါ။
ဒါကြောင့်မို့ ရင်ဆိုင်လာရတဲ့ အခက်အခဲပြဿနာ၊ အဆင်မပြေမှုတွေကို လူတိုင်း တနေ့မဟုတ် တနေ့ ကြုံတွေ့ရမြဲကိစ္စတွေအဖြစ် ခေါင်းအေးအေးထားလို့ ကိုယ့်ကိုကိုယ် စနစ်တကျ ပြင်ဆင်ဖြေရှင်းသွားမယ်ဆိုရင် အဲဒီအရာတွေအားလုံး ပပျောက်သွားပြီး မိမိ လုပ်ငန်းခွင်၊ ဘဝတွေ အဆင်ပြေချောမွေ့သွားနိုင်ပါတယ်။
No comments:
Post a Comment