Tuesday, July 22, 2014

ပုဂံ နှင့် ၃၇ မင်း

ပုဂံ မြေကို ခြေချမိတိုင်း ရင်ထဲမှာ တစ်မျိုးတစ်မည် အမြဲခံစားမိတယ်။ အခေါက်ခေါက် အခါခါရောက်လည်း အဲဒီ ခံစားမှုကတော့ ပျောက်မသွားခဲ့ပါဘူး။ မြန်မာတို့ရဲ့ အလွန်ခမ်းနားလှတဲ့ စေတီဘုရားတွေ၊ သမိုင်းတွင်စရာတွေ အများကြီးရှိတဲ့ နေရာဒေသကြီး ဖြစ်လို့နေမယ်ဆိုပြီး တွေးမိတယ်။
သမိုင်းဝင် အထင်ကရနေရာတွေရှေ့မှာရပ်ပြီး အနော်ရထာတို့၊ ကျန်စစ်သား၊ အလောင်းစည်သူတို့ ဒီနေရာကို လာခဲ့တာပဲ။ သူတို့ရော ဒီနေရာမှာ ရပ်ပြီး ဘာတွေ တွေးပြီး၊ ဘာတွေ လုပ်ခဲ့သလဲလို့ ခံစားကြည့်ရတာလည်း အရသာတစ်မျိုးပေါ့လေ။

သမိုင်းကို ပြန်တူးဆွကြည့်ရင် အနော်ရထာမင်း မွန်တို့တိုင်းပြည်ကနေ ဗုဒ္ဓသာသနာသာမက ပန်းဆယ်မျိုးအတတ်ကိုပါ ဆောင်ကျဉ်းလာခဲ့လို့ ပုဂံမှာ သာသနာတော်ရော၊ လက်မှုအတတ်တွေပါ ထွန်းကားလာခဲ့တယ်လို့ သိရှိရပါတယ်။ ဗုဒ္ဓသာသနာ ပုဂံမြေရောက်လာတာနဲ့ တပြိုင်တည်း အနော်ရထာမင်းဟာ အရင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်တဲ့ နတ်စင်၊ နတ်ရုပ်တွေ နဲ့ အရည်းကြီး အယူအဆတွေကို ဖယ်ရှားပစ်ခဲ့တဲ့ သာသနာပြုမင်းတစ်ပါး အဖြစ်လုပ်ဆောင်ခဲ့ပါတယ်။ ကျန်စစ်သား လူလားမမြောက်ခင် ကလေးငယ်တွေ လိုက်သတ်ခဲ့တဲ့အပိုင်းက လွဲရင် အားလုံးအကောင်းချည်းပါပဲ။

ကျွန်တော် အရင်က အနော်ရထာနဲ့ ကျန်စစ်သား တည်ခဲ့တဲ့ ရွှေစည်းခုံဘုရားဆီ ခဏ ခဏ ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် သတိမထားဖြစ်ခဲ့တာကတော့ အနော်ရထာမင်း လက်ထက်ကတည်းက နတ်ရုပ်တွေကိုပါပဲ။ နတ်ကိုးကွယ်မှု အယူအဆကို တားမြစ်တဲ့အနေနဲ့ နတ်ရုပ်တွေထဲက နတ်ရုပ်မျိုးစုံကို ရွှေစည်းခုံဘုရားရင်ပြင်ရဲ့ အတွင်း၊ အပြင်မှာ စုပုံလို့ ထားခဲ့တာ ယနေ့ထက်တိုင်ရှိနေသေးတယ်လို့ မကြာသေးခင်ကမှ ဖတ်မိလိုက်လို့ပါ။ ဘုရားရင်ပြင် အတွင်းမှာ ထားတဲ့ နတ်ရုပ် ၃၇ မျိုးကို အတွင်း ၃၇ မင်း၊ ရင်ပြင်တော် အပြင်ဖက်မှာ ထားတဲ့ နတ်ရုပ် ၃၇ မျိုးကို အပြင် ၃၇ မင်း ရယ်လို့ နောက်ပိုင်း သတ်မှတ်ကြတာကိုး။

အရင်က နတ်ရုပ်တွေကို သိမ်းပြီးထားခဲ့တာ နတ်လျောင်းကျောင်း (သို့) နတ်လှောင်ကျောင်း ပဲ ရှိမယ်လို့ ထင်ခဲ့မိတာပါ။ အကြောင်းတိုက်ဆိုင်လို့ နောက်တစ်ခါရောက်ဖြစ်ရင်တော့ ရွှေစည်းခုံဘုရား က နတ်ရုပ်တွေနဲ့ အာနန္ဒာဘုရား က နတ်ရုပ် ပန်းပုတွေကို လေ့လာမယ်လို့ စိတ်ကူးထားမိပါတယ်။ ဒီအကြောင်းအရာတွေကို မသိသေးတဲ့သူများအတွက်တော့ ပုဂံရောက်ရင်ဖြင့် သမိုင်းဝင်အရာတွေကို ကြည့်ဖြစ်အောင်ကြည့်ဖို့နဲ့ ကျွန်တော့်လို ကျော်သွားမိမှာစိုးလို့ စေတနာနဲ့ တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment