Tuesday, July 22, 2014

လွမ်းတဲ့ အကြောင်း

လွမ်းတဲ့ အကြောင်း 

ညနေ ကပေါ့။ ဘာရယ်မဟုတ် ကောင်းကင်ပေါ် မော့ကြည့်မိတယ်။ တိမ်တွေ အထွေးထွေးရယ်နဲ့လေ။ တောင်ဘက်က ပျံလာတဲ့ ငှက်ကလေးတွေကလည်း စိုးစိုးစီစီ။

စိတ်ကူးထဲ ရုတ်တရက်ပေါ်လာတာက ပလက်တီနမ် ခြေကျင်းလေး။

ဒီအချိန်မှာ ဘာတွေများလုပ်နေမလဲ။ Valentine day မှာ ပေးခဲ့တဲ့ စာကြောင်းလေးကိုများ ဖတ်နေမလား။ ဒါမှမဟုတ် သူမရဲ့ Ipad လေးနဲ့များ Game တွေ ဆော့နေမလား။ ကိုယ့်အကြောင်းဘာများမတွေးပဲနဲ့ ညနေဘာများစားရမလဲလို့ သူမရဲ့ ခေါင်းထဲ ဝင်နေမလားပဲ။

ဘာပဲဖြစ်ဖြစ်ပါလေ။ ကျွန်တော့်မှာ သတိရစရာ ကောင်မလေးတစ်ယောက် ကမ္ဘာပေါ်မှာ တည်ရှိနေတယ်ဆိုတာကပဲ ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိနေပါပြီ။

ခရီးမကြာခဏ ထွက်ရတတ်တဲ့ လူတစ်ယောက်အဖို့တော့ သတိရတယ်ဆိုတာ အလေ့အကျင့်တစ်ခုတောင် ဖြစ်နေပါတယ်။ တစ်ချိန်လုံးမဟုတ်တောင် အစားအသောက်တွေစားရင်ပဲဖြစ်ဖြစ်၊ ရှုခင်းလှလှလေးတွေ မြင်ရရင်ပဲဖြစ်ဖြစ် သူမကို ဘေးနားရှိနေစေချင်တာ အခါခါ။

အေးပေါ့လေ။ သတိရခြင်းကို မခံစားရရင် ချစ်ခြင်းကလည်း အနှစ်သာရ ပြည့်စုံမှာ မဟုတ်ဘူး။
မှုန်မှိုင်းမှိုင်းတောင်တွေကလည်း အလွမ်းဓါတ်ခံကို ပိုပို နှိုးဆွနေသလိုပါပဲ။ ဘယ်တော့မှ မရိုးသွားတဲ့ ရင်ထဲက အသံကတော့ လွမ်းတယ်ပေါ့။

လွမ်းတယ်ဆိုတဲ့ စကားလေးနှစ်လုံးနဲ့တင် ရင်ထဲကခံစားချက်ကို ပြည့်ပြည့်ဝဝ ဖော်ညွှန်းနိုင်တယ်ဆိုတာကတော့ တော်တော် တန်နေပြီလို့ ခံစားရမိတယ်။

ဒီလိုပါပဲ။ လူတိုင်းမှာ ခံစားရတဲ့ ရသလေးတွေကတော့ အချိန်နေရာအလိုက် အမျိုးမျိုးရှိကြမှာပါပဲ။ အဲဒီ ခံစားချက်တွေကို ဖွင့်ဆိုမယ့် စကားလုံးတွေကလည်း အများသား။

ကျွန်တော်လည်း ဘာရယ်မဟုတ် ကျွန်တော်ခံစားခဲ့ရတဲ့အရာလေးတွေတွေးပြီး စာဖွဲ့မိတာရယ်ပါ။ ပြောရင်းနဲ့ဗျာ … ကဗျာလေး စပ်ချင်စိတ်တောင်ပေါ်လာတယ်။ ကျွန်တော်လွမ်းတဲ့ အကြောင်းကိုပေါ့။

လွမ်းကဗျာတဲ့ …

ပင့်သက်ရှိုက်သံ
ညံတိုင်းလွမ်း …

နှလုံးလှိုက်တုန်
ခုန်တိုင်းလွမ်း …

လွမ်းတေးသီဆို
ငိုတိုင်းလွမ်း …

လွမ်းစိတ်လျှံကျ
လွမ်းလွန်းလှ၍
လွမ်းစာတွေရေး
လွမ်းတေးတွေသီ
လွမ်းသူ့ထံပါး ကြားစေချင် …

No comments:

Post a Comment