စာ
ဒီနေ့ အကိုတစ်ယောက်ကမေးတယ်။ မင်း စာတွေ ရေးလားတဲ့။ ရုတ်တရက် ပြန်မဖြေဖြစ်လိုက်ဘူး။ ကိုယ်တိုင်က စာရေးတယ် မရေးဘူး ဆိုတာ ဝေခွဲမရလို့ပေါ့။
အခု ဒီ Status လေးရေးနေတဲ့ အချိန်အထိလည်း ကိုယ့်ကိုကိုယ်မေးနေမိတယ်။ ငါ စာရေးတာလား။ ဒါမှမဟုတ် ဘာလဲ။
ဝါသနာအလျောက် ရင်ထဲက တွေးတောမိတာလေးတွေရှိရင်တော့ ကဗျာလေးတွေ စပ်ဖြစ်တယ်။ အတွေးအခေါ်တစ်ချို့ကို အများနဲ့ ဆွေးနွေးနိုင်အောင်လို့ စာအနေနဲ့ ချရေးမိဖြစ်တယ်။ လုပ်ငန်းပိုင်းဆိုင်ရာ စာတွေ ရေးဖြစ်တယ်။ အဲဒါကို စာရေးတယ်လို့ ခေါ်ရင်တော့ ကျွန်တော် စာရေးပါသည်ပေါ့။
ဒါပေမယ့် ကျွန်တော့် ကဗျာ၊ ဝတ္တုတို တစ်ပုဒ် တစ်လေတောင်မျှ ပုံနှိပ်တိုက်ပေါ် မရောက်ဘူးလေတော့ စာ ရေး တယ်လို့လည်း မဆိုနိုင်ဘူးလို့ တွေးမိပြန်ရော။ စာအကြောင်း ပြောရင်း ဝေခွဲမရတာတွေ ဖြစ်နေလို့ မနေနိုင်တာနဲ့ စာချရေးမိတာပါ။ ပြောပေးကြပါဦးဗျာ။ ကျွန်တော် စာ ရေးတာလား … သို့မဟုတ် ….
စာ
သမိုင်းအစ ကနဦးက
ရေးတဲ့ သည်စာ ပေဖူးလွှာ …
အချစ် အတွက်က ရည်းစားစာ
နိုင်ငံ့ အတွက်က သဝဏ်လွှာ
စစ်ပွဲတွေ ဖြစ်ခဲ့တာ သည် စာ
တရားတွေ ရခဲ့တာ သည် စာ
အမှန်တွေ မြင်ရတဲ့ စာ
လူတွေ သင်ရတဲ့ စာ
ကျောက်စာ…ပေစာ…ပုရိပိုဒ်စာ…သင်ပုန်းစာ…သေ စာ…ရှင် စာ…
နောက်ဆုံး ..
မရေးချင်တော့တဲ့ … သင်ခန်းစာ။
No comments:
Post a Comment